လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အိပ်ပျော်နေသည့် အသက် ၅ နှစ်အရွယ် ကလေးငယ်သေဆုံး ၃ ဦး ဒဏ်ရာရ

0
272
ပုံစာ - လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးပျက်စီးမှုများကိုတွေ့ရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း အရှေ့စံသာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်ထဲတွင် အိပ်ပျော်နေကြသည့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး မိသားစုဝင် ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိကြောင်း သိရသည်။

ဇွန်လ ၂၁ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် အရှေ့စံသာကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲကာ အိမ်ထဲတွင် အိပ်ပျော်နေကြသော မိသားစုများ ထိမှန်ပြီး အငယ်ဆုံးသားဖြစ်သူ အသက် ၅ နှစ်အရွယ် ကလေးငယ် ပွဲချင်းသေဆုံးကာ ကျန်မိသားစုဝင်များမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက အခုလို ပြောသည်။

“လက်နက်ကြီး ရမ်းသမ်းပစ်တော့ မိသားစုဝင်တွေ အိပ်ပျော်နေတဲ့ချိန် လက်နက်ကြီးကျတော့ အမေဖြစ်သူဆို ညာခြေထောက်ကို ဒူးဆစ်ကနေ ဖြတ်ရတယ်၊ သားတယောက်ဆိုရင် ဦးခေါင်းမှာ ဒါဏ်ရာရထားတယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်။ ပြီးရင် ၁၂ နှစ်အရွယ်ကလေးကလဲ ထိခိုက်ထားတယ် ဘယ်နေရာ ထိခိုက်လဲတော့ မသိဘူး၊ မစိုးရိမ်ရဘူးလို့ ပြောတယ်။ ပြီးတော့ အငယ်ဆုံးသားလေးကျတော့ ခေါင်းတောင်ပါမလာတော့ဘူး တခါတည်း သေသွားတယ်” ဟု ၎င်းက ပြောသည်။

အလားတူ ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်
ခဲ့မှုကြောင့် ကလေးမြို့တောင်ပိုင်း သာစည်ရွာသား အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန် သေဆုံးခဲ့သည်။

ကလေးမြို့ပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့များသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ညတိုင်းလိုလို လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်လေ့ရှိပြီး အရပ်သားပြည်သူ ထိခိုက်မှုလည်း ပိုများလာသည် ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးမြို့နယ်တွင် ဇွန်လအတွင်း အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒါဏ်ရာရရှိသူ အယောက် ၂၀ ကျော် ရှိနေပြီဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“စစ်ကောင်စီတွေ ဆိုတာက ကျွန်တော်တို့ထက် အများကြီး စီနီယာကျတယ်ကွာ၊ လက်နက်ကြီး ပစ်မယ်ဆိုရင်တောင်မှ ဒီဂရီတွေဘာတွေ အေးဆေး ချိန်နိုင်တယ်ကွာ၊ ပြီးရင် လက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်မှာရှိလဲဆိုတာ သူတို့ သိကောင်းသိနိုင်တယ်၊ မသိရင်လဲ မသိဘူးပေါ့နော်။ ဒါပေမယ့် ပစ်မယ်ဆိုလဲ ဘာလို့ ဒီပြည်သူတွေရှိတဲ့ ရွာထဲကိုပဲပစ်ပြီးတော့ ပြည်သူတွေ ဒီလောက်ထိ သေဆုံးအထိခိုက်များနေတာလဲပေါ့” ဟု ကလေးမြို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇွန်လ ၂၀ ရက် နံနက်ပိုင်း ၉ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ အမှတ် ၁၄ ကျောင်း အနီးတဝိုက်တွင် ဗုံးရှိသည်ဟုဆိုကာ ကင်းလှည့်ရင်း လက်နက်ကြီးလက်နက်ငယ်များ အကြိမ်ပေါင်း ၃၀ ထက်မနည်း ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကလေးမြို့ပေါ်ရှိ လမ်းကြားများတွင် ကင်းပုန်းများချထားကာ လမ်းသွားလမ်းလာပြည်သူများကို တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများ ပိုမိုပြုလုပ်လာသည်ဟု ၎င်းက ပြောသည်။

KMG – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here