လက်နက်ကိုင်တိုက်ပွဲနှင့်သာ နိုင်ငံရေးလမ်းဖောက်ရမည်ဟု မွန်ပြည်သစ် AD ဒု-ခေါင်းဆောင်ပြောဆို

0
140
Photo - NMSP AD

မိမိတို့နိုင်ငံ၏ နိုင်ငံရေးရေစီးကြောင်းဟာ စစ်ဘောင်ကျယ်ပြန့်လာနေတာကြောင့် လက်နက်ကိုင်တိုက်ပွဲနှင့်သာ နိုင်ငံရေးလမ်းဖောက်ရမယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD ဒု-ခေါင်း‌ဆောင် (၁) နိုင်ဗညားလယ်က ပြောဆို လိုက်သည်။

ဇွန် ၁၅ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပခဲ့သော မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက် ရေးအဖွဲ့ NMSP AD ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲတွင် နိုင်ဗညားလယ်က မွန်ဘာသာဖြင့် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ဗညားလယ်က လက်ရှိ နိုင်ငံရေးရေစီးကြောင်းသည် နိုင်ငံရေး‌ဘောင်ကျဉ်းမြောင်းလာပြီး စစ်ရေးဘောင် ကျယ်ပြန့်လာနေတာကြောင့် မိမိတို့အနေနှင့် လက်နက်ကိုင်တိုက်ပွဲနဲ့သာ နိုင်ငံရေးလမ်းဖောက်ရမှာဖြစ်သည်ဟု ဆိုသည်။

လက်နက်ကိုင်တိုက်ပွဲအောင်မြင်နိုင်ဖို့ စစ်ရေးကို အားပေးရမှာဖြစ်ပြီး စစ်ရေးကသာ ပထမ၊ ဒုတိယနှင့် တတိယ ဖြစ်တာကြောင့် စစ်အင်အားရှိပြီး ပြည်သူလူထုထောက်ခံမှုရှိပါက ရန်သူကို ခြိမ်းခြောက်နိုင်သလို ဘဝတူ မဟာမိတ်တွေလည်း မိမိတို့အပေါ် လေးစားနိုင်လိမ့်မယ်လို့ နိုင်ဗညားလယ်က ပြောဆိုသည်။

ထို့ကြောင့်  ဘယ်လိုအခက်အခဲရှိရှိ စစ်အင်အားတောင့်တင်းလာရန် မိမိတို့ အားထုတ်ကြိုးပမ်းရမှာဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲလမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည့် ရဲဘော်များအနေနှင့်လည်း အောင်ပွဲရသည်အထိ အဆက်မပြတ် လုပ်ဆောင်ကြရန် နိုင်ဗညားလယ်က တိုက်တွန်းခဲ့သည်။

အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်း မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ခဲ့သော NMSP AD ဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမယ်လို့  ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က စစ်ကြေညာခဲ့သည်။

ယင်းနောက်ပိုင်း လှုပ်ရှားနယ်မြေတချို့၌ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တချို့ကို ဖမ်းဆီးပြီး လက်နက်များ သိမ်းဆည်းခဲ့သလို ရဲတပ်ဖွဲ့ဝင်များကိုလည်း ကြားဖြတ်တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့သည်။

မွန်ပြည်သစ်ပါတီ AD ၏ လက်နက်ကိုင်တိုက်ပွဲများထဲ မွန်နှင့်ကရင်အစပ် ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းမှုကနေ စခဲ့သည့် ဂျိုင်းမြစ်ဝှမ်းဒေသတိုက်ပွဲက အပြင်းထန်ဆုံးဖြစ်ခဲ့သည်။

ဂျိုင်းမြစ်ဝှမ်းတိုက်ပွဲအတွင်း မွန်ပြည်သစ်ပါတီ AD ဘက်က ရဲဘော်များ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ခဲ့ရပြီး မွန်ပြည်သူများ၏ အိုးအိမ်စည်းစိမ်ကို မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ခိုးယူလုယက်မှုလည်း အများအပြားရှိခဲ့သည်။

ရဲဘော်တွေရဲ့ အသက်ပေးဆပ်မှုတွေနှင့် ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေအပေါ် မိမိတို့ အကြွေးတင်သွားခဲ့ပြီ ဖြစ်သည့်အတွက် အကြွေးကြေဖို့ အောင်ပွဲတွေနဲ့ သွေးကြွေးဆပ်သွားမယ်ဟု နိုင်ဗညားလယ်က ဆိုသည်။

အောင်ပွဲရရှိဖို့လည်း အဆုံးထိ တိုက်ပွဲဝင်သွားရမယ်လို့ နိုင်ဗညားလယ်က ရဲဘော်များကို ထပ်မံ တိုက်တွန်း ပြောဆိုခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here