ရှမ်းပြည်အရှေ့ပိုင်း “ဝ” တပ်စခန်း ၅ ခု ဆုတ်ခွာပေးဖို့ ထိုင်းအစိုးရတောင်းဆို

0
368
Photo: Maesaipress

ရှမ်းပြည်အရှေ့ပိုင်း မြန်မာ-ထိုင်း နယ်စပ်မျဉ်းပေါ်က UWSA “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၏ တပ်စခန်း ၅ ခုကို ဆုတ်ခွာပေးဖို့ မြန်မာစစ်ကောင်စီကတဆင့် ထိုင်းအစိုးရက ဖိအားပေး တောင်းဆိုကြောင်း ထိုင်းသတင်းဌာန Maesaipress က ဇွန်လ ၂၀ ရက်တွင် ဖော်ပြထားသည်။

ဇွန်လ ၁၉ ရက်က တာချီလိတ်မြို့တွင် ပြုလုပ်သည့် မြန်မာ-ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့် အစည်းအဝေးတွင် ထိုင်းနိုင်ငံ ဒေသဆိုင်ရာ နယ်ခြားကော်မတီ (TBC) မှ ဗိုလ်မှူးကြီး ဆိုလာဗင်ဆို ဦးဆောင်သည့် အဖွဲ့က ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်း နယ်စပ်ကို ခြားထားသည့် မယ်ဆိုင်မြစ်ကမ်း တလျှောက်တွင် နေ့စဉ် အမှိုက်စွန့်ပစ်မှုများကြောင့် မိုးတွင်းကာလ ရေကြီးရေလျှံမှုများ ဖြစ်သည့်အတွက် WUSA “ဝ” တပ်စခန်း ၅ ခုကို ဖယ်ရှားပေးရန် အကြောင်းပြပြီး ဖိအားပေး တောင်းဆိုခြင်းဖြစ်ကြောင်း Maesaipress သတင်းဌာနက ဖော်ပြထားသည်။

UWSA အနေဖြင့် ထိုင်းအာဏာပိုင်များ၏ ဖိအားပေး တောင်းဆိုချက်များကို လိုက်လျောပေးမည်မဟုတ်ကြောင်း အမည်မဖော်လိုသည့် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“အဲဒါက ထိုင်းစစ်တပ်က တောင်းဆိုတာပါ။ နယ်ခြားအစည်းအဝေး လုပ်တိုင်း မြန်မာစစ်တပ်ကို တောင်းဆိုနေတာ ကြာပြီ။ နှစ်တိုင်း ပြောနေတာ။ ထိုင်းက “ဝ” ကို တိုက်ရိုက်ပြောတာ မဟုတ်ဘူး၊ “ဝ” ကလည်း မဖယ်တာကြာပေါ့ ” ဟု ၎င်းက ဆိုသည်။

Photo: Maesaipress

ယင်းဒေသသည် ထိုင်းနိုင်ငံဘက်မှ မှုခင်းရာဇဝတ် ကျူးလွန်သူများ၊ ဝင်ရောက်ခိုအောင်းသည့် ဒေသဖြစ်သည့် အတွက် ထိုင်းအာဏာပိုင်များက နှစ်စဉ် အဆိုပါအစည်းအဝေး၌ ဖိအားပေး တောင်းဆိုနေခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး UWSA ၏ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပါ။

ရှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံနယ်မြေဟု ခေါ်သည့် မြန်မာ – ထိုင်း- လာအို ၃ နိုင်ငံ နယ်စပ်မျဉ်း တလျှောက်၌ တရားမဝင် မူးယစ်ဆေးဝါးများနှင့် လက်နက်မှောင်ခိုများ ဂိုဏ်းဖွဲ့ပြီး လွန်ခဲ့သည့် နှစ်ပေါင်းမြောက်များစွာ ကတည်းက ကုန်သွယ်စီးပွား လုပ်ကိုင်နေသည့်ဒေသ ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here