ရှမ်းတောင်ကိုတိမ်းရှောင်လာတဲ့ ကရင်နီစစ်ရှောင်တွေကို လက်ခံပေးဖို့တောင်းဆို

0
374
ပုံစာ - လွိုင်ကော်မြို့မှ စစ်တိမ်းရှောင်လာကြသည့်ကားတန်းများ။

ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့တွင်းမှာ ပြင်းထန်နေတဲ့တိုက်ပွဲကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းကို တိမ်းရှောင်သွားတဲ့ ကရင်နီစစ်ရှောင်တွေကို လက်မခံတဲ့နေရာတွေ ရှိနေတာကြောင့် လက်ခံပေးကြဖို့ လွိုင်ကော်မြို့က တိမ်းရှောင်သွားသူတွေက တောင်းဆိုနေကြသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား ၂/ (ကယားပြည်နယ်သား) ကိုင်ဆောင်သူတွေကို လက်မခံကြောင်း ကြားသိရတာကြောင့် လက်ခံပေးစေချင်တယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောဆိုသည်။

“၂/တွေ ဆို လက်မခံဘူးတဲ့ဗျာ။ ကျနော်တို့ အလကားနေတာ မဟုတ်ဘူးနော်။ သူတို့တောင်းတဲ့ စျေးပေးပြီးနေမှာ မိသားစုမှာ ကလေးတွေ သက်ကြီးတွေ ပါတယ်ဆိုတာတောင်မရဘူး။ ဒါကြောင့် တောင်းဆိုချင်ပါတယ်၊ စစ်ပြေးလာတဲ့သူတွေကို လက်ခံပေးဖို့ပါ။ ဒီချိန် အားလုံးက စိတ်ဒဏ်ရာတွေ ရထားသလို အားကိုးတကြီးနဲ့ တခြားပြည်နယ်ကို စစ်ရှောင်လာကြတာပါ” လို့ လွိုင်ကော်မှ ရှမ်းပြည်နယ် တောင်ကြီးမြို့ကို တိမ်းရှောင်ဖို့ သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။

နို၀င်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းအထိ လွိုင်ကော်မြို့ကို စွန့်ခွာတိမ်းရှောင်တဲ့သူ များပြားနေပြီး ရှမ်းပြည်နယ်ကို တိမ်းရှောင်မယ့် လူထုတွေကို လက်ခံပေးဖို့ ကရင်နီလူထုတွေက တောင်းဆိုနေကြခြင်း ဖြစ်သည်။

တောင်ကြီးမြို့တွင်းရှိ ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လက်မခံဖို့ မှာကြားထားတာရှိပေမဲ့ လက်ခံပေးသူတချို့လည်း ရှိနေတယ်လို့ တောင်ကြီးမြို့ခံတစ်ဦးက ပြောပါသည်။

“စစ်ဘေးရှောင်ဆို လက်မခံချင်ဘူး၊ အလည်လာတဲ့ပုံ သင်တန်းလာတတ်တဲ့ပုံ အဲ့လို ပြောလိုက်တော့ရသွားတယ်။ NON CDM တွေဆိုလည်း ပြောလို့ရတယ်” လို့ တောင်ကြီးမြို့ခံတစ်ဦးက ဆိုသည်။

လွိုင်ကော်မြို့တွင်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာတဲ့ လွိုင်ကော်ပြည်သူ သောင်းချီ ရှိနေကြောင်း သိရသည်။

စစ်ကောင်စီက နေ့စဉ်နဲ့အမျှ လွိုင်ကော်မြို့၊ လူနေရပ်ကွက်အတွင်း လက်နက်ကြီး ပစ်ခတ်နေတာကြောင့် နေအိမ်တွေ ပျက်စီးဆုံးရှုံးမှု များပြားပြီး ၊ မြို့ခံတွေက အသက်အန္တရယ်ကို စိုးရိမ်ကြရတာကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းကို တိမ်းရှောင်ကြသူ များပြားနေတယ်လို့ သိရသည်။

“ဒီမနက် လွိုင်ကော်ကနေ ထွက်လာတဲ့သူ များတယ်။ မြို့လယ် မီးပွိုင့်တလျှောက်ပဲ ကားတွေလည်းတန်းစီလို့ ပြည့်ကြပ်နေတာပဲ။ အိမ်မွေးခွေးတွေ‌ဆိုလဲ သူတို့သခင် သူတို့ကိုမခေါ်သွားနိုင်တော့ဘဲ ချန်ထားတာရှိတယ်၊ လမ်းပေါ်မှာ အနောက်ကနေ လိုက်ပြေးတာ တွေ့ရတော့လည်း စိတ်မကောင်းဘူး ၀မ်းနည်းနေရတယ်။ ဒီလိုမြင်ကွင်းကို မြင်တွေ့ရတာ။ ဆက်သွယ်ရေးလိုင်းလည်း မကောင်းတော့ဘူး” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ဒီကနေ့(နိုဝင်ဘာ ၁၇ ရက်) လွိုင်ကော်မြို့တွင်း အခြေအနေနဲ့ ပတ်သက်ပြီး ပြောပါသည်။

လက်ရှိမှာလည်း တောင်ကြီးမြို့က လက်မခံသလို ရှမ်းပြည်ထဲက နီးစပ်ရာရွာတချို့ကလည်း လက်မခံပေးဘူးလို့ လွိုင်ကော်ကနေ စစ်ရှောင်လာသူတစ်ဦးက ပြောဆိုသည်။

“ရွာထဲကို ပေးမဝင်တာ ၊ ဘယ်လိုတောင်းပန်ပန်လည်း မရပါဘူးရှင်၊ ခွင့်ပြုလို့ မရလို့ဘဲ ပြောတယ်Ó လို့ ထိုစစ်ရှောင်လာသူက ပြောပါသည်။

ညောင်ရွှေမြို့နဲ့ အောင်ပန်းမြို့က ပရဟိတအဖွဲ့တချို့ကတော့ စစ်ဘေးရှောင်တွေကို လက်ခံကူညီပေး နေတာရှိတယ်လို့ စစ်ရှောင်ကြသူတွေထံမှ သိရသည်။

တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့လူထုတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးဖို့ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောဆိုပါသည်။

ကန္တာရဝတီတိုင်း(မ်)မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here