စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်ဆိုင်းဘုတ်အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မေလ ၃၁ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
တိုက်ပွဲသည် နံနက် ၁၀ နာရီကစတင်ပြီး နေ့လည် ၂ နာရီခွဲချိန်ထိ ဖြစ်ပွားခဲ့ရာ ရွှေဘိုမြို့အတွင်းက စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောဆိုသည်။
“ရွှေဘိုအထွက် ဆိုင်းဘုတ်နားမှာ ပစ်ခတ်နေကြတာ၊ အဲ့နားမှာ စစ်ဆေးရေးဂိတ်တစ်ခုရှိတယ်၊ အဲ့မှာပစ်နေကြတာ။ ကားတွေအားလုံးကိုလည်း ပြန်လှည့်ခိုင်းပြီး မြို့အတွင်းမှပဲ နေခိုင်းနေတယ်” ဟု တိုက်ပွဲအနီးရှိနေသူ ခရီးသွားတစ်ဦးက ပြောသည်။
တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ပျက်စီးမှုအခြေအနေများကို မသိရှိရသေးသော်လည်း မြစ်ကြီးနား – မန္တလေး ခရီးသွားနေသည့်ကားများအားလုံး ပိတ်ထားရသည့် အခြေအနေတရပ်ဖြစ်ခဲ့သည်ဟု ၎င်းက ပြောသည်။
ရွှေဘိုမြို့အတွင်းထိ ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်ပစ်ခတ်မှုမလုပ်သည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီးနောက် လက်ရှိတွင် မြို့အဝင်ထိ ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် မေလအစောပိုင်းကလည်း ရွှေဘို – မန္တလေးဗျူဟာလမ်းအနီးရှိ ကျေးရွာများဆီကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခဲ့မှုများ ရှိခဲ့သည်။
စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် BLACK WOLF-ARMY ၊ ဇာမဏီဒရုန်းတပ်ဖွဲ့ (Phoenix Wings) ၊ Dragon Urban Guerrilla ၊ပြည့်သူ့အစေခံအဖွဲ့နှင့် လှတောတိုက်နယ်တို့မှ ဝေဟင်စစ်ဆင်ရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ၏စစ်ကြောင်းများ ရှေ့ဆက်မတိုးနိုင်ဘဲ ရွှေဘိုမြို့အတွင်းကို မေလ ၂၈ ရက်နေ့တွင် ပြန်လည်တပ်ဆုတ်သွားခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
ရှမ်းနီအသံ ပေးပို့သည်။