ရွှေစက်တော်ဘုရားပွဲတော် ဖွင့်လှစ်နိုင်ရန် ဈေးသည်များကို စစ်ကောင်စီ ဖိအားပေးနေ

0
92
Photo - MOI

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ ရွှေစက်တော်ဘုရားပွဲတော်ဖွင့်ရန် စျေးသည်များကို စစ်ကောင်စီက ဖိအားပေးခိုင်းစေမှုများ ရှိနေကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

လာမည့် ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်၍ မြန်မာနှစ်ဆန်း ၁ ရက် ဧပြီလ ၁၇ ရက်နေ့အထိ ဖွင့်လှစ်ထားမည့် ရွှေစက်တော်ဘုရားပွဲတော်တွင် စျေးလာရောင်းချကြရန် ဖိအားပေးခေါ်ယူနေခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ဘုရားပွဲစျေးသည်တစ်ဦးက “စာရင်းထဲမှာ မှတ်ထားမယ်ပေါ့။ အခု လာမရောင်းရင် နောက်မမျှော်လင့်နဲ့လို့ ပြောတယ်။ ပြီးတော့ တည်းကျောင်းခတွေလည်း စျေးအတော်မြှင့်ပြီး ကောက်ထားတယ်လို့ ကြားတယ်” ဟု ပြောသည်။

တည်းခိုဆောင်နှင့် စျေးဆိုင်များအတွက် ကျပ်သိန်း ရာချီပေးရမည်ဖြစ်ပြီး ယခင်ဘုရားပွဲတော်မှ စျေးသည်များကို မရမက လိုက်လံခေါ်ယူနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စျေးသည်များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ဖြစ်ပွားထားသော တိုက်ပွဲများနှင့် လက်ရှိ စစ်ရေးအခြေအနေအပေါ် အသက်အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေသည်ဟု ပြောဆိုကြသည်။

ထို့အပြင် ဘုရားပွဲကို ဘုရားဖူးခရီးသည်များ လာရောက်ခြင်း မရှိမည်ကိုလည်း စိုးရိမ်မှုများရှိနေသည့်အတွက် စစ်ကောင်စီကို မလွန်ဆန်ရဲသူများကသာ စျေးဆိုင်နှင့်တည်းခိုဆောင်များကို လေလံဖြင့် ငှားရမ်းနေကြခြင်းဖြစ်ကြောင်း သိရသည်။

ရွှေစက်တော်ဘုရားပွဲကို ဘုန်းကြီးတစ်ပါးက ဦးစီးဆောင်ရွက်နေခြင်းဖြစ်ပြီး ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သားများကို အဆိုပါ ဘုန်းကြီးကိုယ်တိုင် ညွှန်ကြားနေခြင်းဖြစ်ကြောင်း ဘုရားပွဲစျေးသည်တစ်ဦးက ပြောပါသည်။

ဘုရားပတ်ဝန်းကျင်တွင်လည်း ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်စခန်းငယ်များ ချထားပြီး လုံခြုံရေးကင်မရာများပါ တပ်ဆင်ထားကြောင်း ဘုရားပွဲစျေးသည်များ ပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများတွင် ရွှေစက်တော်ဘုရားပွဲကို တည်းခိုဆောင်နှင့် စျေးဆိုင်ပေါင်း ၁၄၀ ကျော်ကို ဆောက်လုပ်ပြီးစီးပြီဟု ကြေညာထားသည်ကို တွေ့ရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here