ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ စစ်ကောင်စီတပ်က ကမ်းကပ်နားထားသည့် အရပ်သားပိုင် စက်လှေတွေကို မီးရှို့ ဖျက်ဆီးလိုက်တာကြောင့် ယင်းစက်လှတွေေပေါ်မှာ မှီခိုနေထိုင်နေကြသည့် စစ်ဘေးရှောင်လာကြတဲ့ အရပ်သား ၆၀ ကျော်ဟာ နေရာထိုင်ခင်းနဲ့ အစားအသောက် အခက်အခဲ ဖြစ်သွားရတယ်လို့ မြို့ခံတွေထံက သိရသည်။
စစ်ကောင်စီတပ်က စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ ရွှေကူ အမှတ် ၂ ရွာသစ် နယ်မြေ ဧရာဝတီမြစ်ကမ်းဘေးမှာ ကပ်ထားတဲ့ ရွှေမော်တော်တွေနဲ့ ဒေသခံတွေရဲ့စက်လှေ စုစုပေါင်း အစီး ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အဲ့ဒီစက်လှေ ထက်ဝက်ခန့်မှာ စစ်ကိုင်းဘက်ကနေ စစ်ရှောင်လာတဲ့ ပြည်သူတွေ ခိုလှုံ နေထိုင်နေတာ ဖြစ်တယ်လို့ ရွှေကူမြိုခံအမျိုးသားတစ်ဦးက ပြောသည်။
“စက်လှေပေါ်နေ စက်လှေပေါ်မှာစားတဲ့ လူတွေကတော့ အတော်လေး ဒုက္ခရောက်သွားတယ်။ သူတို့က စက်လှေပေါ်မှာ အိမ်လိုပဲ နေကြတာလေ၊ အခု မီးထဲ အကုန်ပါသွားတယ်၊ အဝတ်တစ်ထည်ကိုယ်တစ်ခုပဲ ကျန်တယ်။ သူတို့က အောက်ပိုင်းမှာ ရွာတွေ မီးရှို့ခံရတော့ ဒီမှာမရှိ ရှိတာလေးနဲ့ လာပြီး လုပ်ကိုင်စားသောက် နေကြတာ အခုလို ထပ်ရှို့ခံလိုက်ရတော့ ဘာမှကို ရစရာမရှိတော့ဘူး”လို့ မြို့ခံအမျိုးသားက ပြောပါသည်။
စက်လှေတွေပေါ်မှာ မှီခိုပြီး လုပ်ကိုင်စားသောက်ကြတဲ့ စစ်ဘေးရှောင်ပြည်သူ ၆၀ ကျော်ဟာ စစ်ကိုင်းတိုင်း စဉ့်ကူးမြို့နယ်နဲ့ စဉ့်ကိုင်နယ်တွေထဲက ဖြစ်ပြီး နေအိမ်မီးရှို့ခံရမှုနှင့် စစ်ဘေးကြောင့် ရွှေကူနယ်ထဲ ပြောင်းရွေ့ လာပြီးနောက် စက်လှေတွေပေါ်ပဲနေထိုင်ပြီး လုပ်ကိုင်စားသောက်နေကြရာမှ အခုလို မီးထပ်ရှို့ခံရတာ ဖြစ်သွားတာလို့ ရွှေကူမြို့ခံများက ပြောသည်။
“သူတို့ထဲမှာ တချို့ရွှေလုပ်တဲ့သူလည်းရှိတယ်။အများစုကတော့ နေ့စားဘာညာလိုက်ပြီး နေကြတာ၊ တချို့လည်း ရွှေလုပ်တဲ့နေရာမှာ အစုစားလုပ်ပြီးနေတာပေါ့။ အခုစက်လှေတွေပါသွားတော့ ရွှေကူမြို့ပေါ်က အမှတ် ၁ နဲ့ အမှတ် ၂ ထဲမှာ ရှိနေကြတယ် အဆင်ပြေတဲ့နေရာတွေမှာ ခိုလှုံနေကြတယ်။ ဘုန်းကြီးကျောင်းထဲ နေကြမလို့ ဘုန်းကြီးကျောင်းတွေထဲမှာလည်း စစ်သားတွေရှိနေတာလေ”လို့ ရွှေကူဒေသခံအမျိုးသားက ဆက်ပြောပါသည်။
စက်လှေတွေ မီးရှို့ခံလိုက်ရတာကြောင့် စစ်ဘေးရှောင်အရပ်သားတွေ လတ်တလောမှာ နေရာထိုင်ခင်း အတည်တကျ မရှိတဲ့ အခက်အခဲဖြစ် နေတယ်လို့ မြို့ခံတွေဆီက သိရသည်။
စစ်ကောင်စီတပ်ဟာ ယင်းနေ့ နေ့လည်ပိုင်း အထိ ရွှေကူသင်္ဘောဆိပ်ဘက်ကို အရပ်သားတွေ သွားလာခွင့် ပိတ်ထားပြီး မြစ်ကမ်းဘေးတလျှောက် ကင်းပုန်းဝပ်တာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေထံက သိရသည်။
ရွှေကူမြို့နှင့် မြို့နယ်ချင်းစပ်နေသည့် ဗန်းမော်မြို့ မြလယ်ကျွန်းမှာတော့ စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ ရွှေမော်တော်တွေကို ဖမ်းဆီးမီးရှို့တာမျိုးကို ပုံမှန်ပြုလုပ်နေပေမယ့် ရွှေကူနယ်ထဲမှာ အခုလိုအရပ်သားတွေရဲ့ စက်လှေ၊ ရွှေမော်တော်တွေကို မီးရှို့တာ ပထမဆုံးဖြစ်တယ်လို့ မြို့ခံများက ပြောသည်။
စစ်ဘေးရှောင် အရပ်သားတွေရဲ့စက်လှေနဲ့ ရွှေမော်တော်တွေကို မီးရှို့သွားသည့် စစ်သင်္ဘော ၆ စီးဟာ စက်တင်ဘာ လဆန်းပိုင်းကတည်းက မန္တလေးကနေ တက်လာတာဖြစ်ပြီး အခုအချိန်ထိ ရွှေကူဆိပ်ကမ်းမှာ ဆိုက်ကပ်ထားဆဲ ဖြစ်တယ်လို့ မြို့ခံများက ပြောဆိုသည်။
KNG ပေးပို့သည်။