အာဏာရှင်စစ်ကောင်စီကပြုလုပ်မည့် ၂၀၂၅ ရွေးကောက်ပွဲကို အပြည့်အဝဆန့်ကျင်ရာတွင် ပြည်သူလူထုများ ပါဝင်လာစေရေးအတွက် တိုက်တွန်းလှုံ့ဆော်သည့် မဟာဗျူဟာတရပ်ရေးဆွဲအကောင်ထည်ဖော်ရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၏ တတိယအကြိမ်ညီလာခံမှ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေးကာလအတွင်း နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရန် တတိယအကြိမ် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ညီလာခံကို ပြီးခဲ့သည့် ဇွန် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ၂ ရက်တာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေပြီး ဒီမိုကရေစီအရေးကို အထောက်အကူမပြုသည့် ရွေးကောက်ပွဲကို ပြည်သူလူထုမပါဝင်ရန် နည်းလမ်းမျိုးစုံတိုက်တွန်းသွားမည်ဖြစ်ပြီး ပြည်ပရှိသံတမန်တို့မှလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အသိမှတ်မပြုရန် Diplomatic Campaign နည်းအရ လှုပ်ရှားသွားမည်ဟု ညီလာခံအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် MSFC ၏ သဘာပတိအဖွဲ့ဝင် ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။
“ကျနော်တို့က စစ်ရေးအရဆန့်ကျင်သွားဖို့လည်း ရှိတယ်။ အရင် ၂၀၀၈ က ပြည်သူ့ဆန္ဒခံယူပွဲမှာဆိုလည်း ဆန့်ကျင်တာတွေ လုပ်ခဲ့တာတွေရှိပေမဲ့ မအောင်မြင်ခဲ့ဘူး။ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲမှာရောပဲပေါ့နော်၊ နိုင်ငံရေးပါတီတွေက ဆန့်ကျင်ဆန္ဒပြခဲ့ဖူးပေမဲ့ မလုံလောက်ဘူး။ မဖြစ်မြောက်ခဲ့ဘူးဆိုတော့ လာမယ့် ၂၀၂၅ ရွေးကောက်ပွဲသာဖြစ်ခဲ့ရင် စစ်ရေးအရလည်း ဆန့်ကျင်လှုပ်ရှားသွားဖို့ကိုပေါ့နော်” ဟု ဒေါက်တာသီရိမွန်ချမ်းက ပြောဆိုသည်။
MSFC အနေဖြင့် အဖွဲ့ဝင်၊အဖွဲ့စည်းတို့ကြား ရွေးကောက်ပွဲဆန့်ကျင်ရေးနှင့်ပတ်သတ်၍ ဆက်လက်အတည်ပြု ဆွေးနွေးရန်ရှိသေးသဖြင့် ရေးဆွဲမည့် မဟာဗျူအတွင်း ပါဝင်မည့်အချက်တို့ အသေးစိတ်မပြောနိုင်သေးဟု ဆိုသည်။
ယခင်ဒုတိယအကြိမ်နှင့် တတိယအကြိမ်ညီလာခံကြားတွင် ၂၀၂၅ ရွေးကောက်ပွဲဆန့်ကျင်းရေးကော်မတီတရပ်ကို MSFC မှ ဖွဲ့စည်းတည်ဆောက်ခဲ့ပြီး အဆိုပါကော်မတီက ချမှတ်ထားသည့် လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားရန်ရှိသည်ဟု သိရသည်။
မွန်ပြည်နယ်တွင် နိုင်ငံရေးပါတီတို့မှ ရွေးကောက်ပွဲကျင်းပရန် ပါတီရုံး တည်ဆောက်ခြင်း၊ အဖွဲ့ဝင်စုစည်းခြင်းတို့ လုပ်ဆောင်နေသည့်အပြင် စစ်ကောင်စီလက်အောက် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့မှ ရွေ့ပြောင်းလုပ်သားများ ရွေးကောက်ပွဲတွင် ဆန္ဒမဲထည့်သွင်းနိုင်ရန် နိုင်ငံသားစိစစ်ရေးကတ်ကို လုပ်ဆောင်ပေးနေမှုတို့လည်း ရှိနေသည်။
၂ ရက်တာ ပြုလုပ်သည့် ယင်းညီလာခံတွင် တော်လှန်ရေးကာလ မွန်ပြည်ချာတာတရပ် ရေးဆွဲရန်၊ စစ်ဘေးသင့် အမျိုးသမီး၊ ကလေးသူငယ်နှင့် အတိဒုက္ခရောက်နေသူတို့အတွက် ခရိုင်အဆင့် ပြည်သူ့လုံခြုံရေးနှင့် ဝန်ဆောင်မှု ကော်မတီများ ဖွဲ့စည်းကူညီရန်နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ တိုင်းရင်းသားဖက်ဒရယ်ယူနစ်များနှင့် ဒီမိုကရေစီအင်အားစုများနှင့်ပူးပေါင်းပြီး (Bottom up Federalism) စနစ် အကောင်အထည်ဖော်ရန်တို့ကို ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ညီလာခံမှ သဘောတူထားကြောင်း သိရသည်။
ထို့အပြင် တတိယအကြိမ် မွန်ပြည်ဖက်ဒရယ်ကောင်စီတွင် ကောင်စီဝင် နိုင်ကောင်းရွက်၊ မိကွန်းချမ်းနွန်နှင့် ဒေါက်တာသီရိမွန်ချမ်းတို့ကို သဘာဝပတိအဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ပြီး ကော်မတီ ၃ ရပ်၏ ဥက္ကဌနေရာတို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
MSFC တတိယအကြိမ်ညီလာခံသို့ တက်ရောက်သူ ၂၀၀ ကျော် ရှိသည့်အပြင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီနှင့် နွေဦးတော်လှန်ရေးအင်းအားစုများမှ ခေါင်းဆောင်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
IMNA ပေးပို့သည်။