ရွေးကောက်ပွဲကျင်းပနိုင်မည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးထားနိုင်ခြင်းမရှိသေးဟု တိုင်းရင်းသားနိုင်ငံရေးပါတီတို့ ပြောဆို

0
118

လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု နိုင်ငံတကာသို့ စစ်ကောင်စီက မကြာခဏပြောဆိုထားသော်လည်း ရွေးကောက်ပွဲကျင်းပနိုင်မည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးထားနိုင်ခြင်း မရှိသေးကြောင်း ကချင်နှင့် စစ်ကိုင်းအခြေပြု တိုင်းရင်းသားနိုင်ငံရေးပါတီတို့က ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ရရှိထားသော နိုင်ငံရေးပါတီ ၅၃ ပါတီတို့ တွေ့ဆုံခဲ့ရာတွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များကို ရွေးကောက်ပွဲကော်မရှင်ဘက်က တိတိကျကျ ချပြနိုင်ခြင်းမရှိသေးကြောင်း နိုင်ငံရေးပါတီဝင်တို့က ပြောဆိုသည်။

“နိုင်ငံရေးပါတီတွေအနဲ့ မဲဆန္ဒနယ်မြေ ဘယ်လိုသတ်မှတ်မယ်ဆိုတာကို မေးတယ်ပေါ့လေ။ မေးပေမယ့် အဲ့ဒီနေ့အထိ ဘာမှတိတိကျကျ မရှိဘူး၊ အဲ့လိုဖြစ်နေတယ်။ ရွေးကောက်ပွဲကော်မရှင်က ဘာမှ တိတိကျကျ မပြောဘူး။ ပြောလိုက်ရင်လည်း ခန့်မှန်းလောက်ပဲ ပြောနိုင်တာ။ သူတို့ ရွေးကောက်ပွဲကို လုပ်မယ်လို့ တိတိကျကျ နဲ့ ဆုံးဖြတ်ထားတယ်ဆိုတာ မရှိဘူး” ဟု အဆိုပါအစည်းအဝေးကို တက်ရောက်ခဲ့သည့် ကချင်နှင့်စစ်ကိုင်း အခြေပြု တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲစနစ်၊ မဲဆန္ဒနယ်မြေသတ်မှတ်မှု၊ မဲထည့်ရမည့်ပုံစံနှင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတို့၏ အရည်အချင်းနှင့် ရွေးကောက်ပွဲမဲဆွယ်ရေးကာလ စသည့် တိုင်းရင်းသား နိုင်ငံရေးပါတီများဘက်က မေးခွန်းများကို ရွေးကောက်ပွဲကော်မရှင်ဘက်က ဖြေကြားနိုင်ခြင်း မရှိသေးဟု ၎င်းက ဆက်ပြောသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီကိုယ်စားလှယ်လောင်းများကို အရည်အချင်းပြည့်မီအောင် နိုင်ငံရေးပါတီများဘက်က ဆောင်ရွက်ထားရန်ကိုသာ ပြောဆိုခဲ့ကြောင်း အဆိုပါ ပါတီတာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းနိုင်ငံကဦးဆောင်ပြုလုပ်ခဲ့သည့် မြန်မာ့အရေးဆွေးနွေးပွဲတွင်လည်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲအကြောင်း အဓိကထား ပြောဆိုခဲ့ပြီး ကျင်းပနိုင်ရန် သန်းခေါင်စာရင်း ကောက်ယူထားမှုအပါအဝင်၊ ပြည်တွင်း/ပြည်ပ လေ့လာလိုသူများကို ဖိတ်ခေါ်သွားမည့်အကြောင်းကိုပါ ထည့်သွင်းပြောဆိုခဲ့သည်ဟု သိရသည်။

ရွေးကောက်ပွဲကို လာမည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပနိုင်ချေရှိနေပြီး မဲဆန္ဒနယ်မြေ ၁၆၀ ကျော်မှ ကျင်းပသွားမည်ဟု နိုင်ငံရေးပါတီများကြား ပြောဆိုမှုများလည်း ရှိနေပါသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here