ရွာငံဒေသခံ အမျိုးသမီးတစ်ဦး စစ်ကောင်စီ၏ ဖမ်းဆီးစစ်ဆေးမှုခံရစဉ်အတွင်း ကိုယ်ဝန်ပျက်ကျ

0
299
ပုံစာ - ရွာငံဒေသခံ အမျိုးသမီးတစ်ဦး ဖမ်းဆီးစစ်ဆေးမှုခံရစဉ်အတွင်း ကိုယ်ဝန်ပျက်ကျခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာတွင် နေထိုင်သည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးစစ်ဆေးမှုကြောင့် ကိုယ်ဝန်ပျက်ကျခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများက ပြောသည်။

ကိုယ်ဝန်ပျက်ကျသွားသည့် စစ်ဘေးရှောင်အမျိုးသမီးမှာ အသက် ၃၀ အရွယ် မပိုးဥဆိုသူဖြစ်ပြီး ပင်းတယမြို့၊ ဆင်ခေါင်းရပ်ကွက်ရှိ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်တွင် ခိုလှုံနေချိန် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူက ပြောပါသည်။

စစ်ကောင်စီတပ်က မပိုးဥ၏ခင်ပွန်းဖြစ်သူ ကိုဝင်းကျော်ကို မတွေ့သောကြောင့် ဇနီးဖြစ်သူမပိုးဥကို ဖမ်းဆီး သွားခြင်းဖြစ်ပြီး ဖမ်းဆီးစစ်ဆေးနေချိန်မှာပင် ၃ လသားအရွယ် ကိုယ်ဝန်ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မပိုးဥ ဖမ်းဆီးစစ်ဆေးခံရချိန် အခြေအနေနှင့်ပတ်သတ်ပြီး ဓနုဒေသအတွင်း စစ်ရေးလှုပ်ရှားနေသော ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ပြန်ကြားရေးတာဝန်ခံ ကိုထွန်းထွန်းနိုင်က အခုလို ပြောသည်။

“ရွာငံရဲစခန်းကို ဖမ်းခေါ်သွားတာ။ ဒါပေမယ့် ရဲစခန်းမှာ သွေးတွေဆင်းပြီးတော့မှ ကိုယ်ဝန်ပျက်ကျတယ်လို့ ပြောတယ်။ အဲဒီအချိန်မှာ သူတို့က ပင်းတယ ပြန်ပို့ပေးတယ်ပြောတယ်။ ပိုက်ဆံညှစ်တာတော့ မရှိဘူး” ၎င်းက ဆိုသည်။

ယင်းနောက် မပိုးဥသည် စက်တင်ဘာ ၃၀ ရက်နေ့ ညပိုင်း၌ ပြန်လွတ်မြောက်လာခဲ့ပြီး လတ်တလောတွင် ဆေးကုသမှု ခံယူနေရသည်ဟု ၎င်းနှင့်နီးစပ်သူများက ပြောသည်။

မပိုးဥတို့ ဇနီးမောင်နှံကို စစ်ကောင်စီက ဖမ်းဆီးသည့် အကြောင်းအရင်းနဲ့ ပတ်သက်၍ DPLF ပြန်ကြားရေးတာဝန်ခံ ကိုထွန်းထွန်းနိုင်က ယခုကဲ့သို့ ပြောသည်။

“တော်လှန်ရေးမှာပါတယ်ဆိုတဲ့ ပုံစံနဲ့ ဖမ်းတာပါ။ သူတို့က ပင်းတယမှာစစ်ရှောင်နေတာ အဲဒီကတည်းကပေါ့။ အဲမှာကို သူတို့(စစ်ကောင်စီ)က အခုမှ သတင်းအစအန ရှာပြီးတော့မှ တွေ့ပြီးတော့လိုက်ဖမ်းတာပေါ့” ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ရွာငံမြို့နယ်၊ ပဲယင်းတောင်ကျေးရွာမှ အမျိုးသား ၉ ဦးကို စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပျူစောထီးများက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ယင်းကဲ့သို့ ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရပြီးနောက် ပဲယင်းတောင်ကျေးရွာမှ ဒေသခံပြည်သူ လူဦးရေ ၄၀၀ ကျော် ရွာလုံးကျွတ်နီးပါးသည် လက်ရှိ အချိန်အထိ ဘေးလွတ်ရာတွင် ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု ပြောဆိုကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here