မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၂ ဦး ထိခိုက်သေဆုံးခဲ့ပြီး ဖြတ်သန်းသွားလာနေသည့် ဒေသခံ အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ချောင်းတောင်ဒေသခံတစ်ဦးက ပြောသည်။
“ စစ်ဆေးရေးဂိတ်က စစ်သားနှစ်ယောက် သေသွားတယ်ကြားတယ်။ နောက် အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန် ဒဏ်ရာရသွားတယ်။ အမျိုးသမီးက ချောင်းတောင်ကပဲ၊ ပေါင်မှာ ထိသွားတယ်” ဟု ယင်းဒေသခံက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံအမျိုးသမီးကို ရေးခရိုင်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။
ကျည်ထိမှန် ဒဏ်ရာရရှိသွားသည့် အမျိုးသမီးသည် ချောင်းတောင်ရွာဘက်မှ ရေးမြို့ဘက်သို့ ဆိုင်ကယ်ဖြင့် ချောင်းတောင်တံတားကို ဖြတ်သန်းသွားချိန်တွင် တံတားဂိတ်ကို ပစ်ခတ်သည့်အချိန်နှင့် တိုက်ဆိုင်သွားသည့်အတွက် ကျည်ထိမှန်ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ဘီလူးနင်းမဲ့လမ်း” စစ်ဆင်ရေး အကောင်အထည်ဖော်တော့မည်ဖြစ်သည့်အတွက် ပြည်သူများ အသွားအလာ သတိပြုကြရန် ရေးဘီလူးအဖွဲ့က ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
“ ဘီလူးနင်းမဲ့လမ်း” စစ်ဆင်ရေးအဖွင့်အနေဖြင့် ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ကလည်း ရေးဘီလူးအဖွဲ့က စစ်ကောင်တပ်၊ ရဲအပြင် ပြည်သူ့စစ် အဖွဲ့ဝင်များပါ တပ်စွဲနေထိုင်သည့် အဆိုပါချောင်းတံတားစစ်ဆေးရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။
အလားတူ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ရေးမြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ၂ ခု ဖြစ်သည့် ရေးတံတားကြီး စစ်ဆေးရေးဂိတ်နှင့် ခံသင်းတံတားဂိတ်တို့ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
မွန်ပြည်နယ်အတွင်း အချိန်မရွေး၊ နေရာမရွေး တိုက်ပွဲများ ဖြစ်လာနိုင်သည့်အတွက် ဒေသခံပြည်သူများ အသွားအလာ သတိပြုကြရန်လည်း ရေးဘီလူးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
IMNA ပေးပို့သည်။