ရေးမြို့နယ်တခုလုံးတွင် စစ်မှုထမ်းလိုသူမရှိခြင်းကြောင့် ၆ ဦးသာ စစ်မှုထမ်းရန်စာရင်းသွင်းထား

0
135

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်သင်တန်း ပထမသုတ်အတွက် ဒေသခံ ၇၅ ဦး ပို့ဆောင်ရန် စစ်ကောင်စီက ညွှန်ကြားထားသော်လည်း စစ်မှုထမ်းလိုသူ မရှိခြင်းကြောင့် တစ်မြို့နယ်လုံးအတွက် ဒေသခံ ၆ ဦးသာ ရရှိထားသည်ဟု အုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူများက ဆိုသည်။

စစ်မှုထမ်းသင်တန်းတက်ရောက်ရန် အုပ်ချုပ်ရေးမှူးများက ဒေသခံ ၆ ဦးကိုသာ စာရင်းသွင်းနိုင်သည်ဟု အုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူတစ်ဦးက အခုလိုပြောသည်။

“၃ လပိုင်းကနေ ၅ လပိုင်း အထိပေါ့။ ၁ လကို ၂၅ ယောက် သူတို့ယူတယ်။ ကျနော်တို့ရေးမြို့က မပေးနိုင်ဘူးလေ။ စာရင်းတော့ ကောက်နေဆဲပဲ။ အခုစာရင်းတိတိကျကျ ရထားတာက သုံးရွာမှာ ၆ ယောက်ပဲ ရထားသေးတယ်။ တခြားရွာတွေက မရသေးပါဘူး” ဟု ၎င်းက ဆိုသည်။

စစ်မှုထမ်းဆောင်ရန် ရွေးချယ်ထားသည့် ဒေသခံ ၆ ဦးကို မော်လမြိုင် အရှေ့တောင်စစ်ဌာနချုပ်သို့ မတ်လ ၃၀ ရက်နေ့တွင် အရောက်ပို့ဆောင်ရမည် ဖြစ်သော်လည်း လက်ရှိ ရေး – မော်လမြိုင် ကားလမ်းကြီးတလျှောက်တွင် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များက လုံခြုံရေးတင်းကြပ်ထားခြင်းကြောင့် သွားရောက်ပို့ဆောင်ရန် အခက်အခဲ ရှိနေကြောင်းလည်း အုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူက ဆက်ပြောသည်။

“သူတို့ (စစ်ကောင်စီ) ဘက်က တောင်းနေတယ်ပေါ့။ ဒီဘက်ကလည်း ပို့ပေးဖို့ အဆင်မပြေကြဘူးလေ။ မတ်လ နောက်ဆုံးလို့ ပြောတယ်။ အခုက ၂ ရက်ကျော်ပြီးပေါ့၊ သူတို့ဘက်က လောလောဆယ် ဘာမှပြန်မပြောသေးဘူး” ဟု ၎င်းက ဆိုသည်။

ရေးမြို့နယ်မှ စစ်မှုထမ်းဆောင်ရန်အတွက် ကျေးရွာအုပ်စုတစ်စုလျှင် ဒေသခံရွာသား ၂ ဦး ၊ရေးမြို့ပေါ် ရပ်ကွက် တစ်ခုလျှင် ၂ ဦးနှုန်းဖြင့် ရွေးချယ်ပြီး မတ်လ ၃၀ ရက်နေ့တွင် နောက်ဆုံးထားပေးပို့ရန် စစ်ကောင်စီက ညွန်ကြားထားခြင်း ဖြစ်သည်။

ယခု စစ်မှုထမ်းမည့် လူ ၆ ဦးတို့ အတွက် တစ်ဦးလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် ထောက်ပံ့စရိတ် ပေးအပ်ထား ကြောင်းလည်း သိရသည်။

အလားတူ ပေါင်မြို့နယ်တွင် စစ်မှုထမ်းသူ မရှိခြင်းကြောင့် ဆန္ဒပြုလျှောက်ထားသူ ၁၀ ဦး ကျော်ကိုသာ စာရင်းသွင်းထားရပြီး ကျိုက်ထိုမြို့တွင်လည်း စစ်မှုထမ်းကိစ္စ ဆောင်ရွက်နေသူတို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ မကြာခဏ ပစ်ခတ်နေခြင်းကြောင့် စစ်မှုထမ်းမည့်သူ မရှိသေးကြောင်း သိရသည်။

မွန်ပြည်နယ်တွင် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့က စစ်မှုထမ်းဥပဒေ အကောင်ထည်ဖော်ရာတွင် ဆောင်ရွက်နေသူများကို အရေးယူရန် စာထုတ်ပြန်ထားခြင်းကြောင့် ရပ်ကျေးအုပ်ချုပ်ရေမှူးတချို့ နုတ်ထွက်မှုများ ရှိလာသလို စစ်မှုထမ်းကိစ္စအတွက် ပေါ်ပေါ်ထင်ထင် မလှုပ်ရှားရဲကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here