မွန်ပြည်နယ်၊ ရေးတောင်ပိုင်းဒေသ၊ မွန်ပြည်ပါတီ ထိန်းချုပ်နယ်မြေတို့တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာသည့် ဇန်နဝါရီ ၈ ရက်နေ့ကစပြီး ရေး – ကျုံလောင်းလမ်းပိုင်းတွင် ကုန်စည်သယ်ယူခွင့်နှင့် သွားလာခွင့်ကို ပိတ်ဆို့ထားသည်မှာ ၁၀ ရက်ကျော်ရှိလာပြီး လက်ရှိတွင်လည်း ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
ထို့သို့ ပိတ်ဆို့ထားခြင်းကြောင့် တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် ကျုံလောင်းစစ်ရှောင်စခန်းအပြင် အဆိုပါရေးချောင်းဖျားရှိ ဒေသခံများသည် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးလိုအပ်မှုရှိလာနေကြောင်း ဒေသခံတို့က ပြောဆိုသည်။
စစ်ရှောင်စခန်းရောက် ပြည်သူများအတွက် စားနပ်ရိက္ခာပေးဝေရေး လုပ်ဆောင်နေသော်လည်း ကျေးရွာအတွင်း ကျန်ရှိနေသည့် ဒေသခံများသည် ဘုရားသုံးဆူနယ်စပ်မှ သွင်းလာသည့် ကုန်ပစ္စည်းများကို ဈေးကြီးပေးပြီး ဝယ်ယူသုံးစွဲနေရကြောင်း ဝယ်ပေါင်ဒေသခံတစ်ဦးက ပြောသည်။
“အခုလောလောဆယ်က ဘုရားသုံးဆူကနေ ဆန်တွေဝယ်လာတာပဲ။ ဆန်ပေါင် ၁၀၀ က တစ်အိတ်ကို ၂ သိန်းဖြစ်သွားတယ်။ စခန်းမှာဆို သူတို့ထောက်ပံ့ပါတယ်။ အဲ့ဒေသမှာ ပစ္စည်းတွေ ကန့်သတ်ခံထားရတာပဲဆို မရှောင်ရတဲ့သူတွေက ဝယ်စားရတယ်” ဟု ၎င်းက ပြောသည်။
စစ်ဘေးရှောင်အရေး ကူညီသူတို့သည်လည်း ကူညီထောက်ပံ့ရေးဆိုင်ရာလုပ်ငန်းများကို ထိုင်း-ဘုရားသုံးဆူ နယ်စပ် ခလောက်ခနီလမ်းပိုင်းကို အသုံးပြုဆောင်ရွက်နေရသဖြင့် ထိုင်းအာဏာပိုင်တို့၏ ခွင့်ပြုမှုသဘောထားကိုလည်း စိုးရိမ်နေရသည်ဟု မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေစင်တာ MRDC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ရှောင်စခန်းရှိ ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးပိုင်းများအတွက် အာဟာရပြတ်လတ်မှုနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုဆေးဝါးများလည်း လိုအပ်လာကြောင်း ၎င်းက ဆက်ပြောသည်။
“လူများနေတာဆိုတော့ ရောဂါဖြစ်တာနဲ့ ကုလို့မလွယ် ဖြစ်သွားတယ်။ ဓမ္မပါလဘက်မှာရှိနေတဲ့ စစ်ရှောင်တွေက ဘုန်းကြီးကျောင်းဘက်မှာ မိုဘိုင်း clinic ဖွင့်ပေးပြီး ကုသပေးတယ်။ ရောဂါနည်းနည်းပြင်းတဲ့လူနာဆို ဝယ်ဇင်ဆေးရုံကို ပို့လိုက်တယ်” ဟု ပြောသည်။
အဆိုပါစစ်ဘေးရှောင်နေရာတွင် ရာသီတုပ်ကွေးဒဏ်ခံစားနေရသည့်အပြင် ပဋိပက္ခဖြစ်ပွားမှုတိုင်းတွင် သက်ကြီးပိုင်း၊ အမျိုးသမီးနှင့်ကလေးသူငယ်များ၌ သက်ရောက်မှုကြီးမားနေကြောင်းလည်း လူ့အခွင့်အရေး လှုပ်ရှားသူတို့က ပြောဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက် စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်ချိန်မှစပြီး ဒေသခံများက ကျုံလောင်းရွာဟောင်း ဝယ်ပိုင်၊ ဝယ်ဇင်၊ ကျောက်မိချောင်းစသည့်ကျေးရွာများမှ ဒေသခံများ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟု သိရသည်။
ကျုံလောင်းရွာဟောင်းတွင် စစ်ကောင်စီနှင့်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ ဇန်နဝါရီ ၉ ရက်မှစပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လမ်းပိုင်းပိတ်ဆို့မှု လုပ်ဆောင်ထားခဲ့ပြီး လက်ရှိတွင် ရေး-ကျောင်းရွာ အဝင်လမ်းရှိ ကျုံလောင်းရွာသစ်တွင်လည်း စစ်ဆေးနေသည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေးမြိုနယ်အရှေ့ပိုင်း ကျုံလောင်းရွာနှင့် အနီးအနားတွင် စစ်ကောင်စှတပ်မှ ရေး – ကျုံလောင်းလမ်းကို ပိတ်ဆို့ထားသလို တော်လှန်ရေးအဖွဲ့မှလည်း ဝယ်ပေါင် – ကျုံလောင်းလမ်းကို ထိန်းချုပ်ထားကြောင်း သိရသည်။
လက်ရှိ၌ တိုက်ပွဲအခြေအနေ ငြိမ်သက်နေသော်လည်း လက်နက်ပစ်ခတ်မှုတို့ နေ့စဉ်ရှိနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ ပြောဆိုမှုအရ သိရသည်။
IMNA ပေးပို့သည်။