တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ဇာဒီကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားသည့် ဒေသခံများအနက် သတ်ဖြတ်ခံထားရသူ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့ကစပြီး ဇာဒီကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် လမ်းတွင်တွေ့သမျှဒေသခံများကို ဖမ်းဆီးခဲ့သည်ဟု ၎င်းတို့က ပြောသည်။
စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် ဒေသခံများအနက် အသက် ၄၀ ကျော်အရွယ် ဦးအောင်ကြည်သိန်း၏ ရုပ်အလောင်းကို ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းက ကျေးရွာသုသာန်အနီး၌ ပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
ထိုသို့ဦးအောင်ကြည်သိန်း၏ ရုပ်အလောင်း ပြန်လည်တွေ့ရှိစဉ် ခန္ဓာကိုယ်အနှံ့ ရိုက်နှက်နှိပ်စက်ထားသည့်ဒဏ်ရာ၊ ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိထားကြောင်း ဒေသခံများက ပြောဆိုသည်။
ဒေသခံတို့၏ အဆိုအရ စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးထားသူထဲတွင် ကလေးငယ်များအပါအဝင် အမျိုးသား၊ အမျိူးသမီး ၁၅ ဦးထက်မနည်းရှိနေပြီး လက်ရှိအချိန်အထိ ဘယ်သူမှ ပြန်မလွတ်လာသေးဟု ဆိုသည်။
ဇာဒီကျေးရွာထဲ ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင်လည်း ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အနည်းဆုံးနေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံတို့က ခန့်မှန်းပြောဆိုသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့က ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ တာဝါတိုင်စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ရှိနိုင်မည်ထင်သော ကျေးရွာများထဲ စစ်ကြောင်းထိုးဝင်ရောက်ခြင်းဖြစ်သည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် ရေဖြူမြို့နယ်ရှိ ခွေးမဖော၊ ပယ၊ ဇာဒီ၊ ခေါင်ပြန်၊ ဖားချောင်းကျေးရွာတို့က ဒေသခံထောင်နှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။