ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲပဋိပက္ခများကြောင့် ဒေသခံအချို့နေရပ်မပြန်နိုင်ကြ

0
266

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ သဖန်းဇင်၊ ကွမ်းအုံ၊ နှောပင်ကျေးရွာ အစရှိသည့် ကျေးရွာများမှ တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသောဒေသခံအချို့သည် လက်ရှိအချိန်ထိ မိမိတို့နေရပ်သို့ မပြန်နိုင်ကြသေးကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါကျေးရွာများတွင် ဇန်နဝါရီလ ပထမပတ်မှစ၍ တိုက်ပွဲများ တစ်ပတ်ကျော်ကြာ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှု၊ နေအိမ် မီးရှို့ခံရမှုများကြောင့် ရွာခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲငြိမ်သက်သွားပြီ ဖြစ်သော်လည်း တော်လှန်ရေးအင်အားစုများဘက်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသဖြင့် ဒေသခံရွာသားများအား နေရပ်မပြန်ခိုင်းသေးခြင်း ဖြစ်သည်ဟု တောင်ငူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ (၄) မှ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောဆိုသည်။

“ကျနော်တို့ မိုင်းရှင်းလင်းရေးတွေ ဘာတွေလုပ်နေတော့ ရွာကလူတွေ မပြန်ခိုင်းသေးတာ၊ ကွမ်းအုံရွာမှာလည်း ဘုန်းကြီးတစ်ပါးပဲ ရှိတယ်။ ပွဲဖြစ်ပြီဟေ့ဆိုရင် လူတွေကတော့ အထိအခိုက်မရှိအောင် ရွေ့ကြတာပဲ။ ပွဲမဖြစ်ခင် ရက်ကတော့ နာမည်ထွက်နေတဲ့လူတွေက ကြိုရွှေ့ထားကြတာ နေအိမ်တွေမီးရှို့ခံရတော့မှ ကျန်တဲ့လူတွေက ရွှေ့ကြတာ” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ပဲခူးတိုင်းမှ တော်လှန်ရေးအင်အားစုအချို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ စတင်မဖြစ်ပွားခင် ဒီဇင်ဘာလကုန်ပိုင်းကတည်းက သဖန်းဇင်ကျေးရွာနေ ပြည်သူအချို့မှာ ကြိုတင်တိမ်းရှောင်ခဲ့ကြသော်လည်း ဇန်နဝါရီ ၁၀ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် လူသေဆုံးမှုနှင့် ဇန်နဝါရီ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်က ရွာခံနေအိမ်များအား မီးရှိုခဲ့ပြီးနောက်ပိုင်း ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “အရင်ကတည်းက ရွှေ့ခိုင်းထားပေမယ့် တချို့ကတော့ နွားတွေရှိလို့ သေရင်သေပါစေဆိုပြီး နေတာရှိသေးတယ်။ ၁၀ ရက်နေ့က သဖန်းဇင်မှာ လက်နက်ကြီးကျတော့ တစ်ယောက်သေတယ်၊ တစ်ယောက်က ဒဏ်ရာရတယ်လေ။ စစ်ရှောင်တချို့ကတော့ မြို့ပေါ်သွားနေတယ်။ တချို့ကတော့ အရှေ့ဘက်ကမ်းကို သွားကြတယ်။ ပြည်သူတွေပဲ ခံနေရတာ” ဟု ပြောသည်။

တိုက်ပွဲများ ဆက်ဖြစ်ပွားသည့်အပြင် ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီမှ PDF ထောက်ပို့ဟု စွပ်စွဲပြီး မီးရှို့ခံခဲ့ရသည့် ရွာခံနေအိမ် ၅ အိမ်မှ အိမ်ပိုင်ရှင်မိသားစုများ အပါအဝင် ရွာနေလူထုသည် ရေတာရှည်မြို့ပေါ်နှင့် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ဘေးလွတ်ရာနေရာများတွင် ခိုလှုံနေထိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် သဖန်းဇင်ကျေးရွာနှင့် ကွမ်းအုံကျေးရွာအုပ်စု နှစ်စုပေါင်းမှ တိမ်းရှောင်နေရသော လူဦး‌ရေ ၅,၀၀၀ ထောင်ကျော်ရှိကြောင်း ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့က နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် အိမ်ခြေ ၄၀၀ ကျော်ရှိ မရိုးခုံရွာမှ ဒေသခံများနှင့် အနီးဝန်းကျင်ရွာမှ ဒေသခံများသည်လည်း တိုက်ပွဲငြိမ်သက်သည်အထိ ဘေးလွတ်ရာတွင် ရှောင်တိမ်းနေထိုင်ခဲ့ရသလို မရိုးခုံရွာမှ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်အလုံး ၄၀ ကျော်မှ အိမ်ပိုင်ရှင်ရွာခံများမှာလည်း နေရေးစားရေး အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here