28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းရပခ မှ PNO/PNA အား မြို့ဝင်ခွင့်နှင့် လက်နက်ကိုင်ဆောင်ခွင့် တင်းကြပ်လိုက်

ရပခ မှ PNO/PNA အား မြို့ဝင်ခွင့်နှင့် လက်နက်ကိုင်ဆောင်ခွင့် တင်းကြပ်လိုက်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) မှ ပအိုဝ်းပြည်သူ့စစ် PNO/PNA ကို မြို့ဝင်ခွင့်နှင့် လက်နက်ကိုင်ဆောင်ခွင့် တင်းကြပ် လိုက်ကြောင်း မေလ (၁၃) ရက်စွဲဖြင့် ထုတ်ပြန်လာသည်ကို တွေ့ရသည်။

PNO ပြည်သူ့စစ်သည် ပြီးခဲ့သည့် မေလ (၂) ရက်နေ့ညတွင် တောင်ကြီးမြို့မဈေးအနီးတွင် စစ်ကောင်စီလက်အောက်ခံ ရဲ၏ စစ်ဆေးမှုကိုမခံဘဲ သေနတ်ဖြင့် ပစ်သတ်ခဲ့မှု ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ (၂၈) ရက်နေ့တွင်လည်း ဟဲဟိုးမြို့တွင်ရှိသည့် ဓာတ်ဆီဆိုင်ရှေ့တွင် PNO ပြည်သူ့စစ်မှ ပြည်သူများ၏ သွားလာမှုကို တားဆီး၍ ပြည်သူများထံ ပါးရိုက်ကာ ငွေတောင်းမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ကိစ္စရပ်များကြောင့် ရပခ မှ PNO ကို မြို့တွင်းသို့ တာဝန်ချိန်မှအပ လက်နက်ယူဆောင်သွားခြင်း၊ ယူနီဖောင်းဝတ်သွားခွင့် မပြုကြောင်းနှင့် အကယ်၍ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်လျှင် သိမ်းဆည်းမည်ဖြစ်ပြီး စစ်ကောင်စီတပ်သားများမှ PNO ကို စစ်ဆေးလျှင်လည်း အသာတကြည်စစ်ဆေးခံရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PNO အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက “ဒီလို ရပခက ထုတ်ပြန်လိုက်တယ်ဆိုတာက ထွေထွေထူးထူး ကိစ္စတော့ မဟုတ်နေဘူး။ ကျနော်တိုက စစ်ကောင်စီထုတ်ပြန်တယ်ဆိုတော့ လိုက်နာရမယ်။ ဥပဒေနဲ့အညီ သွားတာ။ အောက်ခြေကစည်းကမ်းမဲ့နေတာကို ထိန်းသိမ်းပေးတဲ့သဘောပါပဲ။ ဘာမှ သက်ရောက်မှုမရှိဘူး။ ဘယ်အစိုးရတက်တက် ကျနော်တို့က ဥပဒေအောက်ကနေသွားမယ်” ဟု ပြောသည်။

ဆက်လက်ပြီး ယင်းထုတ်ပြန်တွင် PNO ကနေ ကျေးရွာများအတွင်း မလိုအပ်ဘဲ ဂိတ်မထားရန်နှင့် ပြည်သူများထံမှ ဆက်ကြေးမကောက်ရန်တို့ပါဝင်ပြီး PNO/PNA မှ ရပခ၏အမိန့်ကို လိုက်နာပေးရမည်ဟု ပါဝင်သည်။

PNO ပြည်သူ့စစ်သည် ကျေးရွာများအတွင်း လက်နက်အားကိုး၍ ဆက်ကြေးကောက်ခြင်း လူသတ်ခြင်းများ မကြာခဏ ကျူးလွန်သောကြောင့် ယခုကဲ့သို့ စစ်ကောင်စီဘက်မှ ထိန်းချုပ်သင့်ကြောင်း ပအိုဝ်းလူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“PNO က ဗမာစစ်တပ်ကိုအားကိုးပြီး ကျေးရွာမှာ လူသတ်ချင်တိုင်းသတ်နေတာ။ ရွာတွေမှာလည်း လက်နက်ကိုင်ပြီး သေနတ်တွေဖောက်ပြနေတာ။ အခွန်တွေလည်းကောက်နေတာ အများကြီးပဲ။ အဲဒါတွေက စစ်တပ်ရဲ့ပုံရိပ်နဲ့ လုပ်စားနေတာ။ ဗမာစစ်တပ်အနေနဲ့လည်း သူတို့ရဲ့လူ PNO ကို အခုလို ပြန်ထိန်းချူပ်သင့်တယ်” ဟု ၎င်းက ပြောသည်။

PNO ပြည်သူ့စစ်သည် တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းနှင့် အင်းလေးဘက်တွင် အဓိကလှုပ်ရှားနေပြီး စစ်ကောင်စီနှင့် ပူးပေါင်း၍ အင်းလေး၊ စံကား ဒေသဘက်တွင် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။