ရခိုင်ဒေသအတွင်း ခရီးသွားလာခွင့်ပြုရန် ကုလသမဂ္ဂတောင်းဆို

0
294

ရခိုင်ဒေသအတွင်း အကူအညီလိုအပ်နေသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် နိုင်အောင် ကုန်းလမ်း၊ ရေလမ်းခရီးကို လွတ်လပ်စွာသွားလာခွင့်ပြုရန် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က တောင်းဆိုလိုက်သည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲကြောင့် ရခိုင်ပြည်အတွင်း ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ မင်းပြား စသည့်မြို့နယ်တို့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့ အထိ နေရပ်စွန့်ခွာသူဦးရေ ၂၆,၀၀၀ ကျော် ထိ တိုးလာကြောင်း UNOCHA ၏ နိုဝင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူများမှာ နေထိုင်စားသောက်ရေး၊ အဝတ်အထည်နှင့် ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ်အကူအညီများ လိုအပ်နေသည်။

ပေါက်တောမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် အမျိုးသမီးတစ်ဦးက “ကျမတို့မှာ ဆန်အနည်းနည်းပဲ ပါလာတယ်။ မိုးရွာကလည်း တအားရွာနေတော့ ချက်ပြုတ်စားသောက်ဖို့လည်း အခက်အခဲဖြစ်နေတယ်။ လောလောဆယ်တော့ ဘုန်းကြီးကျောင်းကကျွေးတာနဲ့ မျှပြီးစားနေကြတယ်။ အကူအညီမရရင် ရှေ့ဆက် အရမ်းအခက်အခဲကြုံရမှာ” ဟု ပြောသည်။

ရခိုင်တွင် တိုက်ပွဲစဖြစ်သည့်နေ့မှစ၍ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းခရီးသွားလာမှုကို ပိတ်ဆို့ထားသဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့များမှာ အကူအညီလိုအပ်နေသူများအား ကူညီရန် အခက်ကြုံတွေ့နေကြသည်။

စစ်ကောင်စီက စစ်တွေ – ရန်ကုန် အဓိက ကားလမ်းမတစ်လျှောက်ကို ကန့်သတ်ပိတ်ပင်ကာ ရေလမ်းကြောင်း များကိုလည်း ကန့်သတ်ထားခြင်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးတွင် များစွာထိခိုက် စေကြောင်း UNOCHA က ဆိုသည်။

“အခုလောလောဆယ်တော့ အသိမိတ်ဆွေအိမ်မှာ စားသောက်နေထိုင်နေတယ်။ ဒီရက်ပိုင်းအတွင်း ကိုယ့်အိမ်သို့ မပြန်နိုင်ဘူးဆိုရင် အခက်အခဲတွေ အများကြီးရှိနိုင်တယ်။ ဒါကြောင့် အဖွဲ့အစည်းတွေကို ကူညီခွင့်ပေးဖို့ တောင်းဆိုလိုတယ်” ဟု ပေါက်တောမြို့နယ်က ကျေးရွာတစ်ရွာတွင် ခိုလှုံနေသော ပေါက်တောမြို့ခံတစ်ဦးက ပြောသည်။

လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံများအတွက် ပြန်လည်ထူထောင်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများကို ဆိုင်းငံ့ထားခဲ့ရကြောင်း UNOCHA က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီက လမ်းခရီးသွားလာမှုကို ကန့်သတ်ပိတ်ပင်ကာ လူသားချင်းစာနာမှုဆိုင်ရာ ဆောင်ရွက်နေကြသူများကို တားဆီးကန့်သတ်ထားခြင်းသည် ဒေသခံများအား ပို၍ဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်းဟု အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here