ရခိုင်တိုက်ပွဲကြောင့် မြို့နယ်တချို့တွင် ဘဏ်များပိတ်ထား

0
298

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည် ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းမြို့များတွင် ဘဏ်များပိတ်ထားပြီး ဘဏ်လုပ်ငန်းများ ရပ်တန့်နေကြောင်း ဒေသခံများထံမှ သိရသည်။

ရသေ့တောင်မြို့တွင် တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှစ၍ မြန်မာ့စီးပွားရေးဘဏ်ကို ပိတ်ထားသဖြင့် ငွေထုတ်၍မရ ဖြစ်နေကြောင်း ရသေ့တောင်မြို့ခံတစ်ဦးက ပြောသည်။

“ဘဏ်တွေ၊ ဈေးတွေကအစ အကုန်လုံးကို ပိတ်ထားတယ်။ မြို့ထဲက လမ်းတွေမှာလည်း ဘယ်သူမှ မသွားရဲ ကြတော့ဘူး။ ဘဏ်ဝန်ထမ်းတွေကလည်း တိမ်းရှောင်သွားကြတဲ့အတွက် ဘဏ်တွေကို ပိတ်ထားတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ရသေ့တောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြို့ပေါ်နေပြည်သူများမှာ စိုးရိမ်ကြောက်လန့်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ဘူးသီးတောင်မြို့တွင်လည်း စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မြန်မာ့စီးပွားရေးဘဏ်နှင့် ကမ္ဘာ့ရတနာဘဏ်ကို နိုဝင်ဘာလ ၁၄ ရက် မှစ၍ ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့တွင်လည်း စစ်ကောင်စီတပ်က မြို့အတွင်းလှည့်လည်ကာ ဒေသခံများအား စစ်ဆေးမေးမြန်းခြင်း၊ လုံခြုံရေး တင်းကြပ်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကြောင့် နိုဝင်ဘာလ ၁၄ ရက် မှစ၍ ဘဏ်ဝန်ထမ်းများ အလုပ်မဆင်းကြတော့သဖြင့် ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည်။

ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက “ပုဏ္ဏားကျွန်းမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ ကမ္ဘာ့ရတနာဘဏ်ကို ပိတ်ထားတယ်။ ဘဏ်ဝန်ထမ်းတွေလည်း ရုံးမတက်ကြတဲ့အတွက် ပိတ်ထားတာ။ ဘယ်နေ့စပြီး ဖွင့်မယ်ဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။

ပေါက်တောမြို့တွင် ရက္ခိုင့်တပ်တော် (AA) က မြို့ရဲစခန်းကို ဝင်ရောက်မသိမ်းပိုက်မီ နိုဝင်ဘာလ ၁၅ ရက်နေ့က မြန်မာ့စီးပွားရေးဘဏ်ရှိ ငွေအားလုံးကို စစ်ကောင်စီက ယူဆောင်သွားသဖြင့် ထိုနေ့မှစ၍ ဘဏ်လုပ်ငန်းများ ရပ်တန့်နေခဲ့သည်ဟု ဆိုသည်။

စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့များတွင်လည်း နယ်မြေဒေသအခြေအနေအရ ဘဏ်များကို နေ့တစ်ဝက်သာ ဖွင့်လှစ်ကာ ငွေလွှဲ၊ငွေထုတ်ရာတွင် ငွေအကန့်အသတ်များရှိကြောင်း ဒေသခံများထံမှ သိရသည်။

“၁၂ နာရီထိုးတာနဲ့ ပြန်ပိတ်ကြတယ်။ အဲဒီကြားထဲမှာတော့ ငွေထုတ်၊ ငွေလွှဲလို့ ရတယ်။ ၁၂ နာရီကျော်တာနဲ့ မရတော့ဘူး၊ အကုန်လုံး ပိတ်ကုန်ပြီ” ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ စသည့် ရခိုင်တောင်ပိုင်းမြို့များမှာတော့ ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ် လျက်ရှိကြောင်း သိရသည်။

ရခိုင်မြောက်ပိုင်းတွင် ဘဏ်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်သဖြင့် ငွေကြေးစီးဆင်းမှု နှောင့်နှေးကာ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ပြီး ပြည်သူများ အခက်ကြုံလာနိုင်ကြောင်း စီးပွားရေးသမားများက ပြောသည်။

“ဘဏ်တွေကို ပိတ်တာက နံပါတ်တစ် – လုံခြုံမှုတွေ မပေးနိုင်တဲ့အတွက် ဖြစ်တယ်။ ပြီးရင် ဒေသမှာရှိတဲ့လူတွေ အလုပ်မဖြစ်အောင် နိုင်ငံရေးရည်ရွယ်ချက်အရ ပိတ်ထားတာ ဖြစ်တယ်။ အခုလိုမျိုးပိတ်ထားတဲ့အတွက် အရောင်းအဝယ်တွေ ထိခိုက်လာနိုင်တယ်။ ဘဏ်နဲ့ အဓိကလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်တွေ ပြတ်တောက် သွားနိုင်တယ်Ó ဟု ရခိုင်စီးပွားရေးသမားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံဗဟိုဘဏ်၏ နိုဝင်ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်တွင် – နိုင်ငံတစ်ဝှမ်း ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်လျက်ရှိကာ ငွေသားများကိုလည်း ဘဏ်ခွဲအသီးသီးမှ အကန့်အသတ်မရှိ ထုတ်ယူနိုင်သည် ဟု ဆိုထားသည်။

ရခိုင်ပြည်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မြို့အဝင်အထွက် ဂိတ်အားလုံးကို ပိတ်ထားကာ ကုန်းလမ်း၊ ရေလမ်းကြောင်းများကိုလည်း ပိတ်ဆို့ထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here