ရခိုင်တိုက်ပွဲ ၂ နှစ်တာကာလအတွင်း အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဖမ်းဆီးခံရသူ ၂၈ ဦး အမှုရင်ဆိုင်နေရဆဲဖြစ်

0
375
ပုံစာ - အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ဖမ်းဆီးခံထားရာမှ ပြန်လွတ်မြောက်လာသူတချို့။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ၂၀၂၁၊ ၂၀၂၂ ခုနှစ် တိုက်ပွဲကာလအတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆို ခံခဲ့ရသည့် ရခိုင်ဒေသခံ ၂၀၀ ကျော်ထဲမှ ၂၈ ဦးသည် ထောင်ဒဏ်ချမှတ် ခံထားရသူနှင့် တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း ကောက်ယူရရှိထားသည့် စာရင်းများအရ သိရသည်။

တရားစွဲဆိုခံထားရသည့် ရခိုင်ဒေသခံ ၂၀၀ ကျော်ထဲမှ ယခုနှစ် ဇွန်လ ၂၆ ရက် အထိ ပြန်လွတ်မြောက်လာသူ ၁၇၂ ဦးရှိပြီး၊ လွတ်မြောက်လာသူများထဲတွင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၂၁ ခုနှစ်တွင် ၇၈ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၄၆ ဦး အပါအဝင် တရားစွဲခံထားရသည့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်ဥပဒေ အမှု ၁၇ မှု ထဲမှ ကလေးသူငယ် ၂၆ ဦး ကို စစ်ကောင်စီက ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ယခု ၂၀၂၃ ခုနှစ် အတွင်း ချုပ်ရက်စေ့၍ လွတ်မြောက်လာသူ ၂၂ ဦးရှိပြီး ၎င်းတို့တွင် စစ်တွေအကျဉ်းထောင်မှ ၁၀ ဦးနှင့် ကျောက်ဖြူအကျဉ်းထောင်မှ ၁၂ ဦး တို့ ဖြစ်သည်။

ပြန်လွတ်မြောက်လာသည့် ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာမှ ကိုထွန်းရွှေက “ထောင် ၃ နှစ်ကျခဲ့တာက ကျနော်အတွက်ရော၊ မိသားစုအတွက်ပါ တော်တော်လေးကို နစ်နာမှု ရှိတယ်။ ကျနော်တို့က ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်သွယ်ခဲ့ကြတာ မဟုတ်ဘူး။ မတရားဖမ်းဆီး ထောင်ချခံခဲ့ရပေမယ့် ရခိုင်လူမျိုးတစ်ယောက်နေနဲ့ ကိုယ့်ကို ဂုဏ်ယူတယ်” ဟု ပြောသည်။

ကိုထွန်းရွှေအပါအဝင် အလယ်ချောင်းကျေးရွာမှ ဒေသခံ ၆ ဦးမှာ ယခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ချုပ်ရက်စေ့၍ ကျောက်ဖြူအကျဉ်းထောင်မှ လွတ်လာသူများ ဖြစ်သည်။

၎င်းတို့မှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရပြီးနောက် အကြမ်းဖက်မှု ဥပဒေဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ရခိုင်ပြည်အတွင်း အကြမ်းဖက်မှု ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံခဲ့ရသူများမှာ စစ်ကောင်စီတပ်နှင့် AA တို့ကြား ပထမအကြိမ် တိုက်ပွဲ ဖြစ်ပွားနေချိန်ဖြစ်ပြီး AA ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားချိန်လည်း ဖြစ်သည်။

ယခင် NLD အစိုးရအဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်တွင် ရက္ခိုင့်တပ်တော် (AA)၊ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ထုတ်ပြန် ကြေငြာခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်အတွင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်၍ နှစ်ဘက် အရှိန်အဟုန်ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလဆန်းပိုင်းတွင် နှစ်ဘက်နားလည်မှုဖြင့် ရပ်တန့်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားခြင်းကို ပြန်လည်ရုပ်သိမ်းကြောင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် ထုတ်ပြန် ကြေငြာသည်။

ယင်းနောက်တွင် AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှု ပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရသူများနှင့် ထောင်ဒဏ် ချမှတ်ခံထားရသူများကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နှင့် အမှုရုပ်သိမ်းခြင်းများ ရှိလာခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း အကြမ်းဖက်မှုဥပဒေဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသူနှင့် တရားရင်ဆိုင်နေရဆဲဖြစ်သူ ၂၈ ဦးခန့် ကျန်ရှိနေပြီး ၎င်းတို့မှာ ထောင်ဒဏ် ချမှတ်ခံထားရသူ ၂၂ ဦးနှင့် တရားရင်ဆိုင်နေရဆဲ ဖြစ်သူ ၆ ဦးတို့ဖြစ်သည်။

တရားရင်ဆိုင်နေရသူ ၆ ၏ အမှုတွင် သက်သေအားလုံးကို စစ်ဆေးပြီးဖြစ်ပြီး အမိန့်ချရန်သာ ကျန်ရှိသော်လည်း တောင်ကုတ်ခရိုင် တရားရုံးက “အမိန့်ချရန် အဆင်သင့်မဖြစ်သေး” ဟုဆိုကာ အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်း နေသည်မှာ ၅ လကျော်အထိ ကြာမြင့်လာပြီဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

တရားရင်ဆိုင်နေရသူ တစ်ဦးဖြစ်သည့် ကိုသန်းနိုင်၏ညီမ မသန်းသန်းဆင့်က “အမိန့်မချသေးတာက အမှုသည်တွေနဲ့ မိသားစုအတွက် တော်တော်လေး နစ်နာမှုတွေ ရှိတယ်။ အမှုသည်တွေလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေကြတယ်။ မိသားစုတွေဆိုရင်လည်း ငွေကြေးကျပ်တည်းလာကြတဲ့အတွက် ရုံးချိန်းတွေတောင် ပုံမှန် မသွားနိုင်ကြတော့ဘူး။ အမိန့်ချမယ်ဆိုပြီး ရုံးချိန်းတွေ ချိန်းလာတာ ၅ လကျော် ကြာလာပြီ။ ဘာမှ မထူးခြားလာဘူး” ဟု ပြောသည်။

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းထားပြီး ဖြစ်သော်လည်း အကြမ်းဖက်ဥပဒေဖြင့် တရားစွဲ ခံထားရသူများကို ယခုအချိန်ထိ မလွှတ်ပေးသေးခြင်းမှာ လူအခွင့်အရေးကို ချိုးဖောက်နေခြင်းဟု ရခိုင့်လူအခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“စစ်ကောင်စီက ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်လိုက်ကတည်းက AA နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးထောင်ချထားတာတွေက လူအခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်နေတာဖြစ်တယ်။ အဲဒီ အကြမ်းဖက်မှုနဲ့ ဖမ်းဆီးထောင်ချထားသူတွေနဲ့ အမှုရင်ဆိုင်နေရတဲ့သူတွေကို မဖြစ်မနေ ပြန်လွှတ်ပေးရမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် AA တို့ကြား တကျော့ပြန် အပစ်ရပ်စဲထားသည်မှာ ၇ လ ခန့် ကြာမြင့်လာသော်လည်း AA နှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီးထားသူများကို လွှတ်မပေးသေးခြင်းမှာ နှစ်ဖက်ငြိမ်းချမ်းရေး သဘောတူညီချက်များကို စစ်ကောင်စီက ချိုးဖောက်နေခြင်း ဖြစ်သည်ဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

“ULA နဲ့ စစ်ကောင်စီတို့ အပစ်ခတ် ရပ်စဲကြကတည်းက ဖမ်းဆီးထားတဲ့သူတွေကို နှစ်ဘက်အပြန်အလှန် လွှတ်ပေးရမယ်ဆိုပြီး ကတိတွေ ပါတယ်။ အခုအထိ မလွှတ်ပေးသေးတာက စစ်ကောင်စီဘက်က ကတိကဝတ် ချိုးဖောက်တာလို့ မြင်တယ်။ အဖွဲ့အစည်းနှစ်ခုကြား ငြိမ်းချမ်းရေးနဲ့ သွားနေကြတဲ့အချိန် အရပ်သားတွေကို အခုလို ဖမ်းဆီးထားတာက မဖြစ်သင့်တော့ဘူး” ဟု သူက ပြောသည်။

၂၀၂၂ ခုနှစ်၊ အစောပိုင်းကာလမှ စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် AA တို့၏ တကျော့ပြန် တိုက်ပွဲများသည် ဖမ်းဆီးထားသူများကို လွှတ်ပေးရေး အပါအဝင် လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်စဲခဲ့ကြသည်။

ကောက်ယူထားသည့် စာရင်းအရ ရခိုင်ပြည်တွင် တကျော့ပြန် တိုက်ပွဲကာလအတွင်း သံသယဖြင့် ဖမ်းဆီးခံရပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) (၂)၊ နိုင်ငံတော်ဆူပူ လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)၊ (ခ)တို့ဖြင့် တရားစွဲဆိုခံထားရသူ ၅၀ ခန့် ရှိသည်။

ယင်းအထဲမှ တချို့အမှုများတွင် သက်သေအားလုံးကို စစ်ဆေးပြီးစီး၍ အမိန့်ချရန်သာ ကျန်ရှိသော်လည်း အကြောင်းအမျိုးမျိုးပြ၍ ရုံးချိန်းရွှေ့ဆိုင်း နေခြင်းများ ရှိနေပြီး တချို့အမှုများမှာ တရားလိုနှင့် လိုပြသက်သေများ မရောက်ရှိသဖြင့် အချိန်ကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here