ပလက်ဝတွင် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာလုပ်ကိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ရက္ခိုင့်တပ်တော် (AA) ဆောင်ရွက်နေကြောင်း သိရသည်။
ရက္ခိုင့်တပ်တော်က ပလက်ဝမြို့နယ်အတွင်း မိုင်းရှင်းလင်းရေး လုပ်ဆောင်ပြီးမှ ပလက်ဝဒေသခံများကို ပြန်လည်ခေါ်ယူမည်ဟု ပြောဆိုထားကြောင်း ပလက်ဝမြို့ခံ စစ်ဘေးရှောင်တစ်ဦးက အခုလိုပြောသည်။
“ပလက်ဝမှာ အခု အရမ်းအေးချမ်းနေပါပြီ။ လာဗုံးကြဲတာမျိုးတွေလည်း မရှိတော့ပါဘူး။ ဒါပေမယ့် စစ်ရှောင်တွေကိုတော့ အခုမခေါ်သေးပါဘူး။ အနယ်နယ်အရပ်ရပ်ကို ချောင်ကြိုချောင်ကြားကအစ ရက္ခိုင့်တပ်တော်က အကုန်မိုင်းရှင်းလင်းရေး လုပ်နေပါတယ်။ မိုင်းရှင်းလင်းရေးပြီးမှ ပလက်ဝ မြို့ခံတွေကို ခေါ်မယ်။ ကိုယ့်အိမ်ကို ပို့ပေးမယ်လို့ တပ်တော်က ပြောထားတာရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ရက္ခိုင့်တပ်တော် (AA) သည် ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်ခဲ့ပြီး ရက်ပေါင်း ၆၂ ရက်၊ ၂ လ ကြာ တိုက်ခိုက်ခဲ့ပြီးနောက်တွင် မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ပလက်၀မြို့အခြေစိုက် ခလရ (၂၈၉) တပ်ရင်း အပါအဝင် ၎င်းဒေသရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်နိုင်ပြီဖြစ်သဖြင့် ပလက်၀မြို့အပါအဝင် ပလက်၀ဒေသတစ်ခုလုံးသည် စစ်ကောင်စီ ကင်းရှင်းနယ်မြေ ဖြစ်သွားပြီဖြစ်ကြောင်း AA က ဇန်နဝါရီ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ စတင်ဖြစ်ပွားသည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကတည်းက ပလက်ဝဒေသခံများသည် စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရခြင်းဖြစ်သည်။
ပလက်ဝဒေသခံများသည် စစ်ဘေးရှောင်စခန်းများတွင် ခက်ခဲကျပ်တည်းစွာ ကာလကြာရှည် နေထိုင်ခဲ့ရသည့် အတွက် AA က ပလက်ဝကို သိမ်းပိုက်လိုက်နိုင်သည့်အပေါ် ဝမ်းသာပြီး မကြာမီနေရပ်ပြန်နိုင်ဖို့ မျှော်လင့်ကြောင်း ပလက်ဝမြို့ခံ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“စစ်ဘေးရှောင်စခန်းတွေမှာက တအားခက်ခဲတယ်။ နေတာထိုင်တာ စားတာသောက်တာ တအားခက်ခဲတယ်။ ဒါပေမယ့် ကျမတို့ ကိုယ့်ရွာကိုယ့်နယ်ကိုတော့ ပြန်လို့မရဘူးလေ။ ဒါကြောင့် ဒီလိုပဲနေရတယ်။ ပလက်ဝ ရသွားပြီကြားတော့ ကျမ အရမ်းကိုပျော်တယ်။ ကိုယ့်နယ်၊ ကိုယ့်မြေကိုသွားချင်တယ်။ အဲ့ဒီမှာကျတော့ ကျမတို့ လွတ်လွတ်လပ်လပ် လုပ်စားလို့ရတယ်လေ။ AA ကိုလည်း ကျမတို့ အရမ်းကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့စခန်းချနေထိုင်ခဲ့ရာ ပတ်ဝန်းကျင်နှင့် ပြည်သူများနေထိုင်ရာ ကျေးရွာအနီးအနားရှိ တောင်တန်းများတွင် မြေမြုပ်မိုင်းများ အကြီးအကျယ် ထောင်ထားခဲ့သည်ဟုဆိုသည်။ သို့အတွက် ပလက်ဝရှိ နေရာဒေသ အတော်များများတွင် မိုင်းအန္တရာယ်များ ကျန်ရှိနေသေးကြောင်း သိရသည်။
ပလက်၀ဒေသတွင် ပြည်သူတို့၏ အသက်အန္တရာယ်၊ အိုးအိမ်စည်းစိမ်တို့ကို ယခုထက် ပိုမိုလုံခြုံ စိတ်ချစေရန် အတွက် စစ်ရှုံး၍ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်မှ လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားသည်။
နိရဉ္စရာ ပေးပို့သည်။