28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းမွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု ပျက်ပြားခြင်းနှင့်အတူ တရားလက်လွတ်သတ်ဖြတ်ခံရမှု ဆက်တိုက်ရှိလာ

မွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု ပျက်ပြားခြင်းနှင့်အတူ တရားလက်လွတ်သတ်ဖြတ်ခံရမှု ဆက်တိုက်ရှိလာ

စစ်အာဏာသိမ်းပြီနောက်ပိုင်း မွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု ပျက်ပြားနေပြီး၊ လက်နက်ကိုင်ပဋိပက္ခ ရှည်ကြာနေသဖြင့် ရပ်ရွာလူမှုအသိုင်းအဝန်းအတွင်း လက်သည်မပေါ်သည့် သတ်ဖြတ်မှုတို့ ဆက်တိုက်ရှိလာနေကြောင်း ဒေသတွင်းလူ့အခွင့်အရေးလှုပ်ရှားသူတို့ထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း၌ မှတ်တမ်းပြုစုစည်းကောက်ယူထားသည့် အချက်အလက်မှတ်တမ်းများအရ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရသည်။

သေဆုံးခဲ့သူတို့တွင် မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သတ်သူ၊ ခိုးဆိုးလုယက်သူ၊ လုပ်ငန်းရှင်များအပြင် စစ်ကောင်စီအဖွဲ့တို့နှင့် ပတ်သတ်ဆက်နွယ်နေသူတို့ဖြစ်ကြပြီး ကျူးလွန်သူတို့သည့် စစ်ကောင်စီအဖွဲ့တို့နှင့် ပတ်သတ်ဆက်နွယ်သူတို့ဖြစ်နိုင်သလို တဖက်တော်လှန်ရေးအဖွဲ့တို့မှလည်း ဖြစ်နိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတို့က သုံးသပ်ပြောဆိုသည်။

လိုအပ်ချက်အရ သတ်ဖြတ်ခြင်းဖြစ်စေ၊ နောက်ခံအကြောင်းအရာ တစုံတရာကြောင့် သတ်ဖြတ်ခြင်းဖြစ်စေ အကြောင်းအရင်းကိုယ်စီရှိကြသော်လည် ကြီးမားသည့်လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်သည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်းဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“နိုင်ငံက rule of law ယန္တရားကပျက်စီးသွားတာ ကြာပြီဖြစ်တဲ့အတွက် တရားဥပဒေလမ်းကြောင်းနဲ့ မသွားကြတော့ပဲ လက်စားချေခြင်း အပြတ်ရှင်းခြင်းနည်းတွေ ပိုသုံးလာကြတော့တယ်။ လူ့အခွင့်အရေးအရကြည့်ရင် သတ်ဖြတ်ခြင်းဟာ အလွန်ကြီးမားတဲ့ ချိုးဖောက်မှုပါ။ သတ်ဖြတ်မှုကိုဖြစ်စေတဲ့ နောက်ခံအကြောင်းအရင်းကို မသိရဘဲနဲ့ ကောက်ချက်ချဖို့ခက်ခဲပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့က မွန်ပြည်၊ သထုံမြို့နယ်တွင် မူးယစ်ဆေးဝါးကိစ္စနှင့်မကင်းသည့် လူငယ်အမျိုးသား ၃ ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း မုဒုံမြို့နယ်၊ ကမာဝက် မြို့တွင် အလှဖန်တီးရှင်တစ်ဦးနှင့် ဒေသခံအမျိုးသားတစ်ဦးတို့ သတ်ဖြတ်ခံခဲ့ရသည်။

လတ်တလောတွင် မူးယစ်ဆေးဝါးရောင်းဝယ်သည့်ကိစ္စနှင့် ပတ်သက်သူများ ဆက်တိုက်ပစ်သတ်ခံနေရသော်လည်း မိသားစုဝင်တို့မှ သက်ဆိုင်ရာထံ တိုင်ကြားခြင်းမျိုး ဆက်လက်မလုပ်ဆောင်ကြသလို ရပ်ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူတို့သည်လည်း တရားမျှတမှုအတွက် တစုံတရာ လုပ်ဆောင်ပေးခြင်းမရှိဟု မုဒုံမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

“ဥက္ကဌတွေကလည်း ဘာမှမလုပ်ပေးဖြစ်ဘူး၊ သူတို့မလုပ်ဖြစ်တာကလည်း မိဘတွေကိုယ်တိုင်လည်း တိုင်ကြားတာမျိုး ဆက်မလုပ်ဘူးလေ။ အဲ့လိုမူးယစ်ဆေးကိစ္စတွေနဲ့ ပတ်သက်နေတယ်ဆိုတော့ နောက်သူနဲ့ပစ်သတ်ခံရတဲ့ တယောက်လည်း သူတို့မိသားစုဝင်တွေလည်း အဲ့အတိုင်းပဲ ထားလိုက်ကြတယ်။ အဲ့လိုမျိုးဖြစ်ခါစဆို သာမန်ပြည်သူတွေတော့ ဖြစ်ခါစဆို ထိတ်လန့်ကြပါတယ်၊ ရောင်းနေတဲ့သူတွေကတော့ ဆက်လုပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ဥပဒေမဲ့ တရားလက်လွတ်သတ်ဖြတ်မှုတို့ကြောင့် ပြည်သူတိုင်း မလုံခြုံမှု ခံစားနေရသည့်အပြင် ယခုကဲ့သို့ သတ်ဖြတ်မှုကိုလည်း ရွေးကောက်ခံကိုယ်စားလှယ်တို့နှင့် ဖွဲ့စည်းထားသည့် CRPH၊ NUG တို့အနေနဲ့လည့် ကန့်ကွက်ရှုတ်ချသင့်ကြောင်း နိုင်ငံရေးသမားတို့က တိုက်တွန်းပြောဆိုထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း လုပ်ကြံသတ်ဖြတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီး လုပ်ကြံသတ်ဖြတ်ခံရမှုများကြောင့် ဒေသခံအများအပြား သေဆုံးခဲ့ရသည်ဟု သတင်းအရင်းအမြစ်များထံမှ သိရသည်။

IMNA ပေးပို့သည်။