မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် “ရာမညပူးတွဲစစ်ကြောင်း” စစ်ဆင်ရေး ပြုလုပ်သွားမည်

0
109

မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်သစ်ပါတီ (MNLA-AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA) တို့ ပူးပေါင်းဖွဲ့စည်းထားသည့် “ရာမညပူးတွဲစစ်ကြောင်း” စစ်ဆင်ရေးပြုလုပ်သွားမည်ဟု မွန်တော်လှန်ရေးတပ်ဖွဲ့တို့က ဇန်နဝါရီ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ ဖြစ်သည့် MSRF၊ MSDF၊ MNLA-AD နှင့် MLA တို့က ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ အစည်းအဝေးကျင်းပခဲ့ပြီး “ ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အနာဂတ်တွင် မွန်တော်လှန်ရေးတပ်များ ပူးပေါင်းပါဝင်သည့် မွန်တပ်တော်တစ်ခု အမြန်ဆုံးဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ရာမညပူးတွဲစစ်ကြောင်း ပြန်ကြားရေး ဒု-တာဝန်ခံ နိုင်မာဃက ပြောသည်။

“ဒီလာမယ့်အနာဂတ်မှာ မွန်တော်လှန်ရေးတပ်တွေအားလုံး ပူးပေါင်းပါဝင်နိုင်တဲ့ မွန်တပ်တော်တစ်ခု ဖြစ်ပေါ်လာစေရေးအတွက်ရည်ရွယ်ပြီး အခုလိုမျိုး ဖွဲ့စည်းလိုက်တာဖြစ်တယ်။ ကျနော်တို့ ပထမခြေလှမ်းအနေနဲ့ စစ်ရေး ပူးပေါင်းခြင်းပဲ ဖြစ်ပါတယ်။ ကျနော်တို့ စစ်ကြောင်းအနေနဲ့ ဒီမွန်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာမှာဖြစ်တယ်” ဟု နိုင်မာဃက ပြောသည်။

စစ်ကောင်စီကို တစ်ဖွဲ့ချင်းဖြင့် တိုက်ခိုက်သွားမည်မဟုတ်ဘဲ “ရာမညပူးတွဲစစ်ကြောင်း” ဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ စစ်ရေးအရှိန်မြှင့်သွားမည် ဖြစ်ကြောင်းလည်း ရာမညပူးတွဲစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းက ပြောဆိုသည်။

“တပ် (၄) တပ်က ရဲဘော်တွေစုပေါင်းပြီး ဒီရာမညပူးတွဲစစ်ကြောင်းမှာ ပါဝင်သွားမှာဖြစ်တယ်။ တပ်အင်အားများတယ်ဆိုပေမဲ့ စစ်ရေးလျှိူဝှက်ချက်ဖြစ်လို့ ပြောပြလို့မရပါဘူး။ အဲထဲမှာ စစ်ဆင်ရေးမှူးတွေ၊ ဗျူဟာမှူးတွေ ရှိလာမယ်။ အရင်လိုမျိုး သီးခြားနေထိုင်ပြီး သီးခြားတိုက်ခိုက်နေတာ မဟုတ်တော့ဘူး။ တမိန့်တည်းနဲ့ပဲသွားမှာ ဖြစ်တယ်။ ဒီရာမညပူးတွဲစစ်ကြောင်းနဲ့ပဲ မွန်ဒေသအတွင်းမှာ စစ်ရေးအရှိန်မြှင့်တင်သွားမယ်” ဟု ဒေါက်တာ သီရိမွန်ချမ်းက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း MSRF၊ MSDF၊ MNLA-AD နှင့် MLA တို့ တွေ့ဆုံခဲ့ကြပြီး မွန်တပ်တော်တစ်ခု ပေါ်ထွန်းရေးကို အကောင်အထည်ဖော်ရန် သဘောတူထားကြသည်။

လက်ရှိတွင် “ရာမညပူးတွဲစစ်ကြောင်း” က မွန်ဒေသအနှံ့အပြားတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားရန်အတွက် စစ်ရေးဆိုင်ရာစီမံချက်များ ရေးဆွဲချပြီးဖြစ်ကြောင်းလည်း စစ်ကြောင်းတာဝန်ရှိတို့သူထံမှ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here