တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်တောင်ရွာအနီးတွင် ဒေသခံပြည်သူ ၂ ဦး မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန် ၁၄ ရက် နေ့လည်ပိုင်းက ပလမြို့၊ အမှတ် ၃ ရပ်ကွက်နေ အသက် ၄၆ နှစ် အရွယ် ဦးဖိုးလူနှင့် အသက် ၂၆ နှစ် အရွယ် ကိုအောင်ဇော်လတ်တို့သည် မင်းပြင်ကျေးရွာအနီးရှိ တောထဲတွင် သစ်ချသီး သွားကောက်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြေမြှုပ်မိုင်းနင်းမိတာကြောင့် ကိုအောင်ဇော်လတ်သည် အခင်းဖြစ်ရာမှာပင် သေဆုံးခဲ့ပြီး ဦးဖိုးလူသည် မျက်လုံး၊ ခန္ဓာကိုယ်တွေမှာ မိုင်းစထိဒဏ်ရာ ရရှိခဲ့တဲ့အတွက် ပလဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံများ၏ ပြောဆိုမှုအရ ယင်းမြေမြှုပ်မိုင်းသည် စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် ထောင်ထားခဲ့သည့် မိုင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြသည်။
ပြီးခဲ့သည့် ဇွန် ၁၁ ရက် ကလည်း ပလမြို့၊ ရဲစခန်းအနောက်ဘက်ခြမ်း လယ်ကွင်းထဲကို လယ်လုပ်ရန် သွားရောက်သော ဒေသခံအမျိုသား ၁ ဦး မိုင်းထိပြီး ခြေထောက်ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့သည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်တွင် စစ်တပ်အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီတပ်က မြေမြှုပ်မိုင်း အသုံးပြုမှုများကို ပိုမိုလုပ်ဆောင်လာပြီး တပ်ရင်း၊ တပ်စခန်း အနီးပတ်ဝန်းကျင်မှာလည်း မြေမြှုပ် မိုင်းထောင်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။