မြိုင်မှာ စစ်ကောင်စီနဲ့ပျူစောထီး ယာဉ်တန်းကို ၂ ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်

0
377
Photo - CJ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ပျူစောထီး ၅ ဦး ထက်မနည်း သေဆုံးသွားတယ်လို့ မြိုင် ပ.က.ဖ က သတင်းထုတ်ပြန်သည်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နဲ့ ၂၈ ရက် တွေမှာ စစ်ကောင်စီရဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားတစ်စီး ပျက်စီးသွားသလို နှစ်ရက်တာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၉ ဦး သေဆုံးနိုင်တယ်လို့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြိုင် ပကဖ က တာဝန်ရှိသူတစ်ဦးက “ စစ်ကောင်စီနဲ့ ပျူတွေရဲ့ကားကို မိုင်းဆွဲတိုက်ခိုက်တာ ကားပျက်စီးသွားပြီး အဓိကထားတဲ့လမ်းပိုင်း ပျက်စီးတာကြောင့် ယဉ်တန်းရှေ့ဆက် မတိုးရဲတော့ဘဲ တွင်းမနဲ့ သရက်ကန်ကြားမှာ ဝေ့လည်ကြောင်ပတ် ဖြစ်နေတာ၊ တွင်းမပျူစခန်းကလည်း အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ပါတယ်” ဟု ပြောသည်။

ဇွန်လ ၂၇ ရက်နေ့က ပခုက္ကူမြို့ကနေ ကမ္မမြို့ဘက်ကိုလာသည့် စစ်ကောင်စီ ကား ၄ စီးကို ကန်တော်နဲ့ ကမ္မကြားမှာ မိုင်းဆွဲတိုက်ခိုက်ရာ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး သေဆုံးသွားတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒါ့အပြင် ဇွန်လ ၂၈ ရက် မနက်ပိုင်းမှာလည်း ပခုက္ကူကနေ ထွက်လာတဲ့ စစ်ကောင်စီကား ၁ စီးကို တွင်းမပျူစခန်းနဲ့ သရက်ကန် ပျူစခန်းကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီအားထားရသည့် မြိုင်-ကမ္မလမ်းပိုင်း ပျက်စီးသွားပြီး ကားပါ ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး ဝန်းကျင် သေဆုံးကြောင်းနှင့် အများအပြား ထိခိုက်ဒဏ်ရာရတယ်လို့ ယင်းသတင်းထုတ်ပြန်ချက်တွင် ဆက်ဖော်ပြထားသည်။

တွင်းမနဲ့ ကမ္မစခန်းကြားမှာ ကားနှစ်စီးမိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ ကားနှစ်စီးဟာ ရှေ့ဆက် မသွားတော့ဘဲ တွင်းမပျူစခန်းမှာ ရပ်တန့်ထားတယ်လို့ ဆိုသည်။

ပြည်သူများအနေနဲ့ မြိုင်-ကမ္မလမ်းပိုင်းကို အသုံးမပြုကြဖို့နဲ့ ပျက်စီးသွားသည့် လမ်းကို တော်လှန်ရေး ကာလအပြီးမှာ ပြန်လည် ပြုပြင်ပေးသွားမယ်လို့ မြိုင် ပ.က.ဖ က သတင်းထုတ်ပြန်ခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here