မြိုင်မှာ စစ်ကောင်စီက ဒေသခံတွေကို ဓားစာခံလုပ် ဖမ်းဆီးသတ်ဖြတ်နေဟုဆို

0
265
ဓါတ်ပုံ - နွေဦးတော်လှန်ရေးမြိုင်မြို့

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ကစပြီး အင်အား ၆၀ ဝန်းကျင်ပါသည့် စစ်ကောင်စီ စစ်ကြောင်းသည် အိုင်းမရွာကို ရောက်ရှိလာပြီး အင်အားထပ်ဖြည့်နေတာတွေ ရှိတယ်လို့ ဒေသခံများက ပြောသည်။

“လောလောဆယ် အဲဒီစစ်ကြောင်းက တွင်းမ ပျူရွာထဲကို ဝင်သွားပြီ။ ကားတစ်စီးကိုလည်း မီးရှို့ပြီးတော့ စိတ်ဝေဒနာရှင်တစ်ယောက်ကိုလည်း သေနတ်နဲ့ နားထင်ကိုပစ်သတ်သွားတာဗျ။ ပျူတွေကလည်း ရွာတွေကို ဝင်ပြီး သောင်းကျန်နေတာ” လို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်ခဲ့သူက ပန်းတိုင်းတော ကျေးရွာက အသက် (၃၇) နှစ်အရွယ် ကိုနေအောင် ဆိုသူဖြစ်ပြီး တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ရဲ့ ကားတစ်စီးနဲ့ ဆိုင်ကယ်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်း သတင်းများကို ဖော်ပြနေသည့် နွေဦးတော်လှန်ရေး မြိုင်မြို့ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ဖော်ပြထားသည်။

ယင်းအပြင် စစ်ကောင်စီတပ်က ဇူလိုင် ၂၆ ရက်နေ့မှာ အိုင်းမကျေးရွာနေ ဒေသခံပြည်သူ ၇ ဦး ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် ၂၈ ရက်နေ့မှာ ၅ ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံများ ပြောဆိုမှုအရ သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီ စစ်ကြောင်းကို အင်အားဖြည့်တင်းဖို့ စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ဟာ ကုန်းကျေးရွာအနီးကို ရောက်ရှိနေပြီး အိုင်းမရွာက ထွက်လာတဲ့ စစ်ကြောင်းက တွင်းမ ပျူစောထီးရွာကို ဝင်ရောက်သွားတယ်လို့ ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့က ကန်နီ ပျူရွာက ပျူစောထီးများက လက်ထုပ်တောရွာကို ဝင်ရောက်မွှေနှောက်ပြီး နေအိမ် ၃ လုံး မီးရှို့ဖျက်ဆီးပြီး နွား ၆ ကောင်နဲ့ ဆိုင်ကယ် ၇ စီး ကို လုယူသွားတယ်လို့ ဒေသခံရွာသားတွေက ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here