မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ စက်တပ်လေထီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများဖော်ပြနေသော We Love Myaing က ဖော်ပြထားသည်။
ဇွန်လ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် မြိုင်မြို့နယ်အနောက်ဘက်ရှိ သန်းနုတောကျေးရွာ စာသင်ကျောင်းအနီးကို စစ်ကောင်စီက စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်ပွားတာမျိုးလည်း မရှိဘူး။ သူတို့က မြိုင်ဘက်ကို ဆက်တိုက် ဒါမျိုး လေကြောင်းကနေ ဗုံးကြဲနေတာ။ သူတို့စစ်ကြောင်းတွေနဲ့လည်း ဝေးတယ်” ပြောသည်။
စစ်ကောင်စီတပ်က စက်တပ်လေထီး ၂ စီးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ခိုင်းနွား ၂ ကောင်သေဆုံးပြီး နေအိမ် ၂ လုံးနှင့် စပါးကျီ ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း We Love Myaing က ပြောဆိုသည်။
သန်းနုတောရွာကို စက်တပ်လေထီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ယင်းနေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် မြိုင်မြို့နယ် သာစည်ရွာအနောက်ဘက်ရှိ ညောင်ခါးရှည်တောတိုက်ဘက်သို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း We Love Myaing ထံမှ သိရှိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။