မြိတ်မြို့တွင် တနင်္သာရီနှင့် ပုလောမှလာသည့်ဒေသခံများ ရပ်ကွက်ရုံးတွင် ခေါ်စစ်ဆေးခံနေရ

0
230

တနင်္သာရီတိုင်း၊ မြိတ်မြို့အတွင်း အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိလာသည့် တနင်္သာရီနှင့် ပုလောမြို့နယ်နေ ဒေသခံများကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မြိတ်ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က တနင်္သာရီနှင့် ပုလောမြို့နယ်ကနေ မြိတ်မြို့သို့ စီးပွားရေး၊ ကျန်းမာရေး အပြင် အခြားလူမှုရေး ကိစ္စရပ်တွေနဲ့ လာရောက်တည်းခိုခြင်း၊ နေထိုင်ကြောင်း ကြားသိရခြင်းများ ရှိပါက ရပ်ကွက်ရုံးတွင် ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ခေါ်ယူစစ်ဆေးရာတွင် အမည်၊အသက်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် ပတ်သက်မှု ရှိ၊ မရှိ မေးမြန်းခြင်း၊ မသင်္ကာပါက စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းမှုများကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ခေါ်ယူစစ်ဆေးခံရသည့် ဒေသခံများကိုလည်း မကြာခဏ ဆိုသလို ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီနှင့် ပုလောမြို့ နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များပြားနေသည်ဆိုသော အကြောင်းပြချက်ဖြင့် ခေါ်ယူစစ်ဆေး နေခြင်း ဖြစ်သည်။

ယင်းအပြင် အဆိုပါဒေသနှစ်ခုမှ မြိတ်မြို့အတွင်း ရောက်ရှိလာသော ဒေသခံများကို စစ်ကောင်စီ၏ သက်ဆိုင်ရာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေအပြင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များကပါ စောင့်ကြည့် ထောက်လှမ်းမှုတွေ လုပ်ဆောင်နေကြောင်း သိရသည်။

အာဏာသိမ်းကာလအတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင် ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့ထဲမှ ငွေကြေးတတ်နိုင်သော ဒေသခံများမှာ မြိတ်မြို့မှာ ပြောင်းရွှေ့နေထိုင်မှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

တော်လှန်ရေးအင်အားစုများ အားကောင်းသည့် တနင်္သာရီနှင့် ပုလောမြို့နယ်တို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး လက်ရှိတွင်လည်း စစ်ကောင်စီတပ်က မြို့ပေါ်နေရာ တချို့ကိုသာ ထိန်းချုပ်နိုင်တော့ခြင်း ဖြစ်သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here