မြိတ်မြို့က စီးပွားရေးလုပ်ငန်းရှင် ၆ ဦးကို စစ်ကောင်စီ ခေါ်ယူစစ်ဆေး

0
549
ပုံစာ - မြိတ်မြို့ စီးပွားရေးလုပ်ငန်းရှင် ၆ ဦး ခေါ်ယူစစ်ဆေးခံနေရ။ (Photo -Social Media)

တနင်္သာရီတိုင်း၊ စစ်ကောင်စီတပ် ထိပ်ပိုင်းအရာရှိ ၃ ဦး ဖမ်းဆီးစစ်ဆေးခံရပြီးနောက် မြိတ်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင် ၆ ဦး ခေါ်ယူစစ်ဆေးခံနေရကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများက အတည်ပြုပြောဆိုသည်။

တနင်္သာရီတိုင်း ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ ဗိုလ်မှူးချုပ်ဝင်းကျော်သူနှင့် တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း တို့ကို ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့ က စပြီး နေပြည်တော်တွင် ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် စစ်ကောင်စီသည် မြိတ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးသက်စိုး၊ မြိတ် အများပိုင်လုပ်ငန်းစု အကြီးအကဲ ဦးလှသန်း၊ OK ဆန်ရောင်းဝယ်ရေးမှ ဦးမောင်ထွေး၊ ခဲလုပ်ငန်းရှင် ဦးမင်းသူရ၊ ဦးဝင်းထိန် ၊ ဦးဖိုးရှိန်တို့ ၆ ဦးကို ထားဝယ်မြို့တွင် ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများက ပြောသည်။

စီးပွားရေးလုပ်ငန်းရှင် ၆ ဦးကို ခေါ်ယူစစ်ဆေးမှုဟာ တနင်္သာရီတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်း၏ လာဘ်စားမှုနှင့် ဆက်စပ်နေကြောင်း သတင်းအရင်းအမြစ်များက ပြောဆိုသည်။

နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းသည် ဖမ်းဆီးရမိသည့်ခဲများကို လာဘ်ယူပြီးအမှုဖျောက်ဖျက်ခြင်း၊ ဆန်စက်ပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံတော်ဘတ်ဂျက်ကို စာရင်းပိုတင် လိမ်လည်ခြင်း၊ ကျပ်သိန်း ၁၈၀၀ တန်ကား အပါအဝင် ကား ၃ စီးနီးပါး လာဘ်ယူခဲ့သည်ဟု စစ်တပ်သတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်များအတွက် ဒုတိုင်းမှူး၊ စစ်ဆင်ရေးကွပ်ကဲမှုမှူးနှင့် နယ်လုံဝန်ကြီးတို့ ပြစ်မှုထင်ရှားပါက ရာထူးကနေ ဖြုတ်ချခံရမှာ ဖြစ်သလို ထောင်ဒဏ်ပြစ်ဒဏ်များပါ ချမှတ်ခံရနိုင်သည်ဟု စစ်တပ် သတင်းအရင်းအမြစ်များ၏ ပြောဆိုမှုအရ သိရသည်။

ဖမ်းဆီးစစ်ဆေးခံရသော မြိတ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် ၆ ဦး သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ရင်းနှီးသည့် ဆက်ဆံရေးများရှိကြပြီး စစ်ကောင်စီပြုလုပ်သည့် အခမ်းအနားများတွင် ပုံမှန်တွေ့ရတတ်လေ့ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်ဒုတိယအပတ်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် အရာရှိ ၇ ဦး ထက် မနည်းကို ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သူများထံက သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here