တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်မှု အရှိန်မြှင့်တင်သွားမှာဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြဖို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူများက တိုက်တွန်းလိုက်သည်။
တော်လှန်ရေးအင်အားစုများက မြိတ်ခရိုင်အတွင်းရှိ မြိတ်၊တနင်္သာရီနှင့် ကျွန်းစုမြို့နယ်တို့က စစ်ကောင်စီ တပ်စခန်းများကို စစ်ဆင်ရေးမြှင့်တင်သွားရန် ကြိုတင်ပြင်ဆင်မှု ပြုလုပ်နေပြီး စစ်ကောင်စီဘက်ကလည်း ခံစစ်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
လတ်တလောတွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာအချို့ကို စတင်တိုက်ခိုက်နေပြီး နောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ အထိ ဆင်နွှဲနိုင်ဖို့ ကြိုးပမ်းနေကြောင်း မြိတ်မြို့နယ် ပကဖတာဝန်ရှိသူတစ်ဦးက ပြောပါသည်။
စစ်ရေးအရှိန်မြှင့်တင်မှာ ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်စခန်းများအနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန်၊ ခရီးသွားလာရာမှာလည်း စစ်ရေးသတင်းများကို အမြဲမပြတ် နားထောင်ပြီးမှ လှုပ်ရှားသွားလာကြရန်လည်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားသည်။
တော်လှန်ရေးအင်အားစုတို့၏ စစ်ဆင်ရေးများကြောင့် နိုဝင်ဘာပထမအပတ်ကစပြီး ကျွန်းစုနှင့် မြိတ်မြို့နယ် တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသလို လုံခြုံရေးအင်အားလည်း တိုးမြှင့်ထားသည်ဟု မြိတ်မြို့နယ် ပကဖတာဝန်ရှိသူက ဆက်ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့က မြိတ်မြို့နယ် မွှေရှောင်ကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့သည်။
မြိတ်မြို့မှလာသည့် သတင်းများအရ စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းတိုက်ပွဲများကြောင့် တနင်္သာရီတိုင်း၏ စီးပွားရေး မြို့တော်ဖြစ်သည့် မြိတ်မြို့တွင် ခံစစ်အတွက် ကြိုတင်ပြင်ဆင်ထားသလို စစ်ကောင်တပ်စခန်းများ ကိုလည်း တပ်လှန့်ထားကြောင်း သိရသည်။
တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းသည့် မြိတ်ခရိုင်ရှိ မြို့နယ်များဖြစ်သည့် ပုလောနှင့် တနင်္သာရီမြို့နယ်တို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။