မြိတ် – တနင်္သာရီ – ဘုတ်ပြင်း ပြည်ထောင်စုလမ်းပိုင်း ဖြတ်သန်းခွင့် စစ်ကောင်စီပိတ်ပင်

0
133
Photo - Social Media

တနင်္သာရီတိုင်း မြိတ် – တနင်္သာရီ- ဘုတ်ပြင်း ပြည်ထောင်စုလမ်းပိုင်း ဖြတ်သန်းသွားခွင့်ကို စစ်ကောင်စီဘက်က ပိတ်ပင်ထားသည်ဟု ခရီးသွားများနှင့် ယာဉ်မောင်းများ ပြောပြချက်အရ သိရသည်။

နယ်မြေရှင်းလင်းရေးရှိသည်ဆိုသော အကြောင်းပြချက်နှင့် ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး အဆိုပါလမ်းပိုင်းကို စစ်ကောင်စီဘက်က ဖြတ်သန်းသွားခွင့်မပေးတော့ဘဲ ကားများကို ပြန်လှည့်ခိုင်းနေသည်ဟု ၎င်းတို့က ပြောဆိုသည်။

ထိုသို့စစ်ကောင်စီဘက်က လမ်းပိတ်ထားတာကြောင့် တနင်္သာရီမြို့နယ် ရေဖြူကျေးရွာအနားတွင် ကုန်တင်ကား ရာနှင့်ချီပိတ်မိနေပြီး ခရီးသွားကားတချို့မှာ နောက်ကြောင်းပြန်လှည့်မှုတို့လည်း ရှိနေသည်ဟု ဆိုသည်။

မဖြစ်မနေသွားလာရမည့် ခရီးသည်များက ရေလမ်းကနေတဆင့် ငါးဖမ်းလှေ၊ ကုန်တင်လှေတို့အပါအဝင် စပိဘုတ်စက်လှေများ အသုံးပြုပြီး သွားလာနေကြသည်ဟု ခရီးသည်တို့က ပြောသည်။

မြိတ် – တနင်္သာရီ – ဘုတ်ပြင်း ပြည်ထောင်စုလမ်းပိုင်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာသည့်အတွက် တနင်္သာရီမြို့နယ် ရေဖြူ၊ သိန်းခွန်၊ ချောင်းနှစ်ပေါက်ကျေးရွာတို့တွင် နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိနေသလို စစ်ကောင်စီဘက်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ကြောင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတို့ ပြောဆိုချက်အရ သိရသည်။

နှစ်ဖက်တိုက်ပွဲကြောင့် တနင်္သာရီမြို့နယ်က ကျေးရွာပေါင်း လေးရွာထက်မနည်း ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသည်ဟု ဒေသခံများက ပြောသည်။

မြိတ် – တနင်္သာရီ – ဘုတ်ပြင်း ပြည်ထောင်စုလမ်းပိုင်းကို အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း မကြာခဏဆိုသလို ဖြတ်သန်းသွားခွင့် ပိတ်ပင်နေကြောင်းလည်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here