မြိတ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် အစ်ကိုဖြစ်သူ ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် သေဆုံး

0
397
Photo -MZT FB

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်၏ အစ်ကိုဖြစ်သူသည် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာပင် သေဆုံးသွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။

NLD ပါတီ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်တင့်၏ အစ်ကိုဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးတင်သန်းဦးသည် စစ်ကြောရေးတွင်ပင် သေဆုံးသွားပြီ ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဇွန်လ ၁၆ ရက် တွင် မိသားစုထံသို့ အကြောင်းကြားလာခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇွန်လ ၆ ရက်က မြိတ်မြို့ နောက်လယ်ရပ်ကွက်တွင် နေထိုင်သည့် ဦးတင်သန်းဦးကို မေးမြန်းစရာ ရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားပြီး ၁၀ ရက်အကြာမှာ သေဆုံးသွားပြီဟု အသိပေးလာခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဦးတင်သန်းဦး စစ်ကြောရေးမှာပင် သေဆုံးသွားကြောင်း အကြောင်းကြားလာသော်လည်း စစ်ကောင်စီဘက်က မိသားစုထံ အလောင်းပြန်မပေးသေးကြောင်း မိသားစုနှင့်နီးစပ်သူက ဆက်ပြောသည်။

စစ်ကောင်စီက ဦးတင်သန်းဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များထံ စားနပ်ရိက္ခာ ထောက်ပံ့ပေးခြင်း၊ စစ်ကောင်စီတပ်၏ သတင်းများကို PDF များထံ ပေးပို့ခြင်း စသည့် စွပ်စွဲချက်နှင့် ဖမ်းဆီးပြီးနောက် သတ်ဖြတ် လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများအကြား ပြောဆိုကြသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဦးမင်းဇော်တင့်သည် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကနေ ပုဒ်မအမျိုးမျိုးတပ်ပြီး အမှုဖွင့်ထားခြင်း ခံရသောကြောင့် တိမ်းရှောင်နေကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း သတ်ဖြတ်ခံထားရသည့် အရပ်သား ၄၀၀၀ နီးပါး အထိ ရှိလာပြီး ယင်းတို့ထဲတွင် NLD ပါတီဝင် ၉၀ ကျော် ပါဝင်ကြောင်း ဇွန်လ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here