မြန်မာရှေ့နေများ နှောက်ယှက်အနိုင်ကျင့်ခြိမ်းခြောက်ခံရမှုများနှင့် ရင်ဆိုင်နေရပြီး ဖမ်းဆီးခံရမှုများရှိနေ

0
308
ပုံစာ- တရားရုံးထုတ်မြင်ကွင်းတခုကိုတွေ့ရစဉ်။

စစ်ကောင်စီလက်အောက်ရှိ တရားရုံးများတွင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများဘက်က အကျိုးဆောင်ပေးနေသည့် မြန်မာရှေ့နေများသည် အနှောက်အယှက်ပေးမှု၊ အနိုင်ကျင့်မှုနှင့် ခြိမ်းခြောက်ခံရမှုများနှင့် ရင်ဆိုင်နေရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ပြောဆိုသည်။

မြန်မာရှေ့နေများသည် စစ်အာဏာပိုင်များ၏ ဖမ်းဆီးထောင်ချခံရမှုပင်ရှိနေ၍ တချို့ရှေ့နေများမှာ အမှုမလိုက်ရဲတော့ကြောင်း (HRW)က ဇွန်လ ၈ရက် တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

လူ့အခွင့်အရေးအဖွဲ့များက စစ်ကောင်စီသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် ယင်းတို့အားဆန့်ကျင်သူများကို အသံမထွက်နိုင်အောင်ဖိနှိပ်ထားရန် တရားရုံးများကို အသုံးချနေသည်ဟု ပြောဆိုခဲ့သည်။

နိုင်ငံရေးအမှု လိုက်နေကြသည့် ရှေ့နေများမှာ အနှောက်အယှက်ပေးမှု၊ အနိုင်ကျင့်မှု နှင့် အာဏာပိုင်များ၏ ခြိမ်းခြောက်မှုများ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု HRW အဖွဲ့က ရှေ့နေ ၁၉ ဦး အား တွေ့ဆုံမေးမြန်းပြီးနောက် အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာတွင် ဖော်ပြထားသည်။

ရန်ကုန်အခြေစိုက်ရှေ့နေတစ်ဦးက “ တရားရုံးခန်းထဲမှာ အမှန်ပြောဖို့ထက် ကိုယ့်ကိုယ်ကို အဖမ်းမခံရဖို့ကိုပဲ စိုးရိမ်နေရတယ်” ဟု ပြောသည်။

HRW ၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့သည့် ရှေ့နေ ၁၉ ဦး စလုံးက ၄င်းတို့အားလုံး စစ်ကောင်စီ အာဏာပိုင်များ၏ နောက်ယောင်ခံလိုက်မှု၊ အနှောက်အယှက်ပေးမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ပြောဆိုကြသည်။

“တချို့က ခုလို နောက်ယောင်ခံလိုက်တာ၊ အနှောက်အယှက်ပေးတာ မခံချင်လို့ အမှုလိုက်တဲ့ အလုပ်ကိုတောင် ရပ်ပစ်လိုက်တယ်” ဟု ရှေ့နေတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ အကျိုးဆောင်ရှေ့နေ ဒေါ်ရွက်နုအောင်သည် အမှုစစ်ဆေးပြီး တရားရုံးမှပြန်အထွက်တွင် ဖမ်းဆီးခံခဲ့ရသည်ဟု HRW က ဆိုသည်။

ဒေါ်ရွက်နုအောင်အား စစ်အစိုးရကို ဆန့်ကျင်နေသည့် ပီဒီအက်ဖ်အဖွဲ့များထံ ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

“ တစ်ခါတလေ အပြန်အလှန် မေးခွန်း မေးခွင့်တောင် မရှိဘူး။ သူတို့ တင်ပြလာတဲ့ သက်သေ အထောက်အထားတွေကို မဟုတ်ပါဘူးလို့ ငြင်းဖို့တောင် အခွင့်အရေး မရှိပါဘူး။ တစ်ခါမှလည်း အာမခံပေးတယ် ဆိုတာလည်း မရှိပါဘူး” ဟု ရှေ့နေတစ်ဦးက ပြောဆိုသည်။

ပြည်တွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခု၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ လူပေါင်း ၂၃၀၀၀ ဖမ်းဆီးခံထားရသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်က စစ်ကောင်စီထိန်းချုပ်ထားသည့် တရားရုံးက အန်အယ်လ်ဒီ အမတ်ဟောင်း ဇေယျာသော်နှင့် အတူ နိုင်ငံရေးလှုပ်ရှားတက်ကြွလှုပ်ရှားသူ ကိုဂျင်မီတို့ကို အကြမ်းဖက်မှုစွပ်စွဲချက်ဖြင့် သေဒဏ် အပြစ်ပေး ခဲ့သည်။

သေဒဏ်အပြစ်ပေးမှုကို ဆယ်စုနှစ်အတန်ကြာ လုပ်ဆောင်ခြင်းမရှိခဲ့ဘဲ ပထမဦးဆုံးအကြိမ် သေဒဏ်ချခဲ့ခြင်း ဖြစ်သည်။

နိရဉ္စရာ – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here