မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင်းရှိ မြို့နယ်တချို့တွင် အမျိုးသမီးများကို ပြည်သူ့စစ်သင်တန်းပေးနေသည်ဟု ဒေသတွင်း စစ်ရေးလေ့လာစောင့်ကြည့်သူများက ပြောဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်ဒေါ်သီတာယုမွန်မှ မြင်းခြံ၊ ဆော၊ တောင်သာ၊ နွားထိုးကြီး စသည့် မြို့နယ်များတွင် ယခုမတ်လအစောပိုင်း ကတည်းက စတင်၍ စစ်သင်တန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ဆောမြို့နယ်အတွင်းရှိ တက်ကြွလှုပ်ရှားသူတစ်ဦးက “ဆောမှာဆိုရင် အဓိက ဆီမီးဘက်မှာ မိန်းကလေးတွေကို သင်တန်းပေးတယ်။ တော်တော်များများ ဝင်ကြတယ်။ သူတို့ အင်အားက တစ်ရွာဆယ်ယောက်လောက်ဆိုရင် တော့ ၂၀၀ ဝန်းကျင်လောက်ရှိတယ်” ဟု ပြောသည်။
ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီယုမွန်ဆိုသူက မကြာခင်အသက်ဝင်လာမည့် အမျိုးသမီးစစ်မှုထမ်း ဥပဒေအား ကင်းလွတ်ခွင့်ရရန်အတွက် ၎င်းထံ၌ ပြည်သူ့စစ်သင်တန်းရမည်ဟုဆိုကာ ပြောဆိုစည်းရုံးခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခင် စစ်မှုထမ်းဥပဒေ ထုတ်ပြန်သည့်ကာလများက ဒေါ်သီယုမွန်၏ ပြည်သူ့စစ်အင်အားမှာ ၇၀၀ ခန့်သာရှိသော်လည်း လက်ရှိတွင် ၎င်း၏စည်းရုံးမှုကြောင့် အမျိုးသားနှင့် အမျိုးသမီးပေါင်း တစ်ထောင်ကျော်ခန့် ရှိနေပြီဟု စောင့်ကြည့်နေသူများက ပြောဆိုသည်။
ဒေသတွင်း စစ်မှုထမ်းအကြုံးဝင်သူ အမျိုးသမီးတစ်ဦးက “သူတို့က ခံစားခွင့်တွေပေးတယ်လေ။ တချို့ နိုင်ငံရေး နားမလည်တဲ့သူတွေကြတော့ ဒီကာလအလုပ်တခုရတာ နည်းသလားပေါ့။ စစ်တပ်က စပွန်ဆာပေးနေတာ။ သူတို့ဖာသာ လိုင်းပေါ်မှာ အလှူခံတာတွေလည်း ရှိတယ်” ဟု ပြောသည်။
ဒေါ်သီတာယုမွန်အား နိုဝင်ဘာလ၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်က လက်နက်ထပ်ဆောင်းတပ်ဆင်ပေးခဲ့ရာ လက်ရှိတွင် ခေတ်မီ လက်နက်ခဲယမ်းများနှင့် ဂျန်မာများ အသုံးပြုနိုင်နေပြီဟု နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
လက်ရှိတွင် ၎င်း၏တပ်၌ တပ်သားတစ်ဦးလျှင် နိုင်ငံတော်ဝန်ထမ်းလစာ ခံစားခွင့်နှင့် ထောက်ပံ့ပစ္စည်းများ ရရှိသည့်အပြင် တပ်သားတစ်ဦးစီ၏ မိသားစုဝင်များကိုလည်း ထောက်ပံ့မှုရရှိသည်ဟု ဆိုသည်။
မြင်းခြံ ပြည်သူ့စစ်တပ်ဖွဲ့မှာ မြင်းခြံမြို့မှ အရှေ့တစ်မိုင်ပတ်လည်ခန့်သာ နယ်မြေစိုးမိုးထားနိုင်ပြီး နွားထိုးကြီးဘက်သို့ ထွက်လမ်းမရှိသည့်အပြင် တောင်သာဘက်သို့လည်း ရှေ့ဆက်တိုး၍ မရတော့သဖြင့် စစ်ရေးအရ ငြိမ်သက်နေကြရကြောင်း သိရသည်။
NMG ပေးပို့သည်။