29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းမော်ချီးဒေသ ဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၅ ဦးရှိပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

မော်ချီးဒေသ ဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၅ ဦးရှိပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ကရင်နီ (ကယား) ပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ဧပြီလ ၂၄ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်၌ စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုအတွင်း သေဆုံးသူ ၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိသည်ဟု ဒေသခံများက ပြောသည်။

သေဆုံးသူထဲတွင် အမျိုးသမီး ၂ ဦး၊ လသားကလေး ၁ ဦး၊ အမျိုးသား ၂ ဦး ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထဲတွင် အသက် ၁၅ နှစ်အောက်ကလေးငယ် ၇ ဦး ပါဝင်ကြောင်း သိရသည်။

ဒေသခံတစ်ဦးက “ခဲတွေဆေးနေတုန်းအချိန်မှာ ပစ်ချသွားတာရော၊ အရင်တခေါက်ထက် အများကြီးထိတယ်။ ကလေးတွေရော လူကြီးတွေရော အကုန်ထိတယ်ပြောတယ်” ဟု ပြောဆိုသည်။

ခဲလုပ်သားများစုစည်းပြီး ခဲခါသည့်နေရာကို စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် ဘေးပတ်ပတ်လည်တွင် နေထိုင်သည့် လုပ်သားများနှင့် မိသားစုဝင်များလည်း ထိခိုက်သွားသည်ဟု ဒေသခံများက ပြောသည်။

လတ်တလောတွင် ထိခိုက်ဒဏ်ရာရသူတို့ကို ဆေးကုသရန် နေရာပြောင်းရွေ့ထားတာကြောင့် စုစုပေါင်း ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူစာရင်းကို အကုန်လုံး မသိနိုင်သေးပေ။

ဒေသခံများအဆိုအရတော့ သေဆုံးသူထဲမှာ တရုတ်နိုင်ငံသားလို့ယူဆရတဲ့ တရုတ်အမျိုးသားတစ်ဦး ပါဝင်တယ်လို့ ဒေသခံတို့ကပြောဆိုမှုပေါ် မေးမြန်းစုံစမ်းနေဆဲ ဖြစ်သည်။

လက်ရှိဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမျာူကို ဆေးကုသမှုပေးနိုင်သည့် ဆရာဝန်မရှိတာကြောင့် တခြားဒေသကို ပို့ဆောင်ထားရကြောင်း ဒေသခံတို့က ပြောသည်။

“သူနာပြုဆင်းက ၁ ယောက် ၂ ယောက်ရှိတယ်။ ကျန်တာ သင်တန်းဆင်းပဲ” ဟု ဒေသခံတစ်ဦးက ပြောပြသည်။

မော်ချီးဒေသကို လာရောက်အလုပ်လုပ်ကိုင်ကြသည့် ခဲလုပ်သား လူမျိုးပေါင်းစုံရှိနေပြီး ယခုလို အရေးပေါ်အခြေအနေ ကြုံလာရချိန်တွင်လည်း မော်ချီးဒေသ၌ ဆေးကုသရန် ဆရာဝန်မရှိသလို၊ လိုအပ်သည့်ဆေးပစ္စည်းများလည်း မရနိုင်ဟု ဒေသခံတို့က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း မော်ချီးဒေသကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၂ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

မော်ချီးဒေသတွင်း လေကြောင်းရန်ကာကွယ်ရေးအတွက် မဖြစ်မနေ ဗုံးခိုကျင်းတူးထားရန်နှင့် လုံခြုံရေးသတိရှိကြရန်လည်း ဒေသကာကွယ်ရေးတပ် KNSO က တိုက်တွန်းထားသည်။

ကန္တာရဝတီတိုင်း (မ် ) – ပေးပို့သည်။