မောင်တောတွင် စစ်ကောင်စီတပ်သား ၁ ဦးနှင့် နယ်ခြားစောင့်ရဲ ၃ ဦး ထွက်ပြေးရာတွင် ၁ ဦးကိုပြန်ဖမ်းမိဟုဆို

0
518
ပုံစာ - ငါးခူရ နယ်မြေ (၅) နယ်ခြားစောင့်စခန်း

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်သား ၁ ဦးနှင့် နယ်ခြားစောင့်ရဲတပ်သား ၃ ဦးတို့ စခန်းမှ ထွက်ပြေးခဲ့ကြပြီးနောက် ၁ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့ နံနက် ၆ နာရီခန့်က မောင်တောမြောက်ပိုင်း၊ တောင်ပြိုလက်ဝဲမြို့နယ် ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ်ရှိ တပ်စခန်းတစ်ခုမှ နယ်ခြားစောင့်ရဲတပ်သား ၃ ဦးမှာ ကင်းလှည့်နေစဉ်တွင် ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီစခန်းက တပ်သားတစ်ဦးကို AA နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာ ရှိတယ်။ ဒါကြောင့် သူတို့ကိုလည်း လာဖမ်းနိုင်တယ်ထင်ပြီး ထွက်ပြေးကြတာ ထင်တယ်။ အဲဒီနေရာက ဘင်္ဂလားဒေ့ရှ်နဲ့ လည်းနီးတော့ အဲဒီဘက်ကို ကျော်သွားတာ ဖြစ်နိုင်တယ်။ သူတို့ကို ပြန်တွေ့ဖို့တော့ မလွယ်လောက်ဘူး” ဟု စခန်းအနီးရှိ မီးတိုက်ကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါစခန်းတွင် တာဝန်ကျနေသည့် ကြိမ်ချောင်းကျေးရွာမှ ရဲတပ်သား ကျော်မျိုးဦးကို ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်သည်ဟုဆိုပြီး စစ်ကောင်စီတပ်က ဇူလိုင်လ ၁၈ ရက်နေ့တွင် လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

တောင်ပြိုလက်ဝဲမြို့ခံတစ်ဦးက “ AA နဲ့ဆက်စပ်တယ်ဆိုပြီး လာဖမ်းမှာကိုကြောက်လို့ ထွက်ပြေးကြတာလို့ ပြောကြတယ်။ ပြီးတော့ ထွက်ပြေးသွားတဲ့ ရဲတပ်သားသုံးဦးစလုံးကလည်း ရခိုင်လူမျိုးတွေ ဖြစ်တယ်လို့ ကြားရတယ်” ဟု ပြောသည်။

အလားတူ မောင်တောမြို့နယ်မြောက်ပိုင်း ဂြစ်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုမှ တပ်ဖွဲ့ဝင်တစ်ဦးလည်း ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ကင်းစောင့်နေစဉ် ထွက်ပြေးသွားခဲ့သဖြင့် လိုက်ရှာကြရာတွင် ညနေပိုင်းတွင် ဖမ်းမိသွားကြောင်း သိရသည်။

“အဲဒီဖမ်းမိသွားတဲ့ တပ်သားကို အထက်အရာရှိတွေက တော်တော် ဒဏ်ပေးထားပုံ ပေါ်တယ်။ အဲဒီတပ်သားကို ရိုက်နှက်သံနဲ့ အော်သံဟစ်သံတွေကို ကျနော်တို့ရွာကနေ ကြားရတယ်။ ထမင်းမကျွေးဘဲ မိုးရေထဲမှာ တစ်ညလုံး ချုပ်ထားတယ်လို့ ကြားရတယ်” ဟု ဂြစ်ချောင်း(မြို) ကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါစခန်းမှာ ဂြစ်ချောင်းကျေးရွာ မြောက်ဘက် ၃ ဖာလုံကျော် အကွာတွင် ၂၀၂၃ ခုနစ် ဇွန်နဝါရီလက စတင် စခန်းချခဲ့ပြီး ကြိမ်ချောင်(၂၄) ဗျူဟာတပ်ရင်း၏ ကင်းစခန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးသည့်ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဖုန်းဆက်သွယ်ခဲ့ရာ “ဝန်ကြီး အစည်းအဝေးတက်နေပါတယ်။ မအားသေးပါဘူး” ဟု ဖုန်းလက်ခံဖြေဆိုသူက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပစ်အခတ် ရပ်စဲပြီးနောက် စခန်းမှ ထွက်ပြေးသွား ကြသော နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်ဖွဲဝင် ၁၄ ဦး ထက်မနည်း ရှိကြောင်း သိရသည်။

အပစ်ရပ်ကာလတွင် စစ်ကောင်စီ တပ်ဖွဲဝင်နှင့် ရဲများ ထွက်ပြေးကြခြင်းမှာ တစ်နိုင်ငံလုံးတွင် ရင်ဆိုင်နေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ရှုံးနိမ့်မှုများ ရှိနေပြီး အသက်အာမခံချက် မရှိခြင်း အပါအဝင် အခြား အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ပြောကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here