မုံးကိုးမြို့ပေါ်တွင် ၃ နှစ်ကြာတိမ်းရှောင်နေကြသည့် ကောင်းလုံစစ်ရှောင်များ မောင်းထုတ်ခံရ

0
318
Photo - မုံးကိုးမြို့ပေါ်၊ ရပ်ကွက် (၄) တွင် တိမ်းရှောင်နေသည့် ကောင်းလုံစစ်ရှောင်ပြည်သူတွေကို ကိုးကန့် MNDAA တပ်ဖွဲ့က လာရောက်မောင်းထုတ်နေသည့် မြင်ကွင်း။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့ပေါ်တွင် ၃ နှစ် ကျော်ကြာ တိမ်းရှောင်နေကြသည့် စစ်ရှောင်ပြည်သူများကို ကိုးကန့် MNDAA တပ်ဖွဲ့က အတင်းအဓမ္မ လာရောက်မောင်းထုတ်နေတယ်လို့ မုံကိုးဒေသခံတွေထံမှ သိရသည်။

မုံးကိုးမြို့ ရပ်ကွက် ၄ တွင် တိမ်းရှောင်နေထိုင်ကြသည့် စစ်ရှောင်ပြည်သူများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက် မနက် ၁၁ နာရီလောက်မှာ MNDAA တပ်ဖွဲ့က လာရောက်မောင်းထုတ်သွားတယ်လို့ မုံးကိုးဒေသခံတစ်ဦးက အခုလိုပြောပြသည်။

“ကိုးကန့်တပ်ဖွဲ့တွေက အမြန်ပြန်ကြတော့ဆိုပြီး လာမောင်းထုတ်တယ်။ စစ်ရှောင်တွေက နေစရာအိမ်တွေ မရှိတော့သလို ရွာလည်းတိုက်ပွဲကြောင့် ပျက်စီးသွားတာကြောင့် အခုနေရာအသစ်မှာ ဆောက်လုပ်နေဆဲ ဖြစ်တယ်။ အိမ်တွေ ဆောက်လုပ်ပြီးမှ ပြန်ပါ့မယ်လို့ တောင်းဆိုတောင်းပန်လည်း သူတို့က နားမထောင်ပေးဘူး အမြန်ထွက်သွားဖို့ပဲ မောင်းထုတ်နေတယ်” လို့ ၎င်းက ပြောသည်။

အဆိုပါ စစ်ရှောင်ပြည်သူများမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကောင်းလုံရွာမှ မုံးကိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ကောင်းလုံရွာခံ စစ်ရှောင်များ ဖြစ်သည်။

စစ်ဘေးတိမ်းရှောင်သည့်ကာလ ကြာမြင့်လာပြီဖြစ်သည့်အတွက် နေရပ်ပြန်နေနိုင်ရန် စစ်ကောင်စီတပ်နှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသော်လည်း ကောင်းလုံရွာ၌ စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်သေးတာကြောင့် နေရပ်ပြန်လို့ မရဘဲ ဆက်လက်ရှိနေကြသည့် စစ်ရှောင်တွေ ဖြစ်တယ်လို့ မုံးကိုးဒေသခံများက ပြောပြသည်။

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို ကိုးကန့် MNDAA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ချိန် ကောင်းလုံရွာသည်လည်း ကိုးကန့်တပ်၏ drone လက်နက်တိုက်ပွဲကြောင့် အားလုံးပျက်စီးသွားသည်ဟု ဒေသခံများက ပြောဆိုသည်။

ယင်းသို့တိုက်ပွဲဖြစ်ပွားပြီးနောက် ကောင်းလုံကျေးရွာကို ကိုးကန့် MNDAA က တာဝန်ယူ မိုင်းရှင်းလင်းရေး လုပ်ဆောင်မပေးတာကြောင့် ရွာသားများ နေရပ်အိမ်သို့ ပြန်မရသေးချိန်တွင် အခုလိုအတင်းအဓ္ဓ လာရောက် မောင်းထုတ်နေတာဖြစ်ကြောင်း မုံကိုးဒေသခံတစ်ဦးက ပြောပါသည်။

“ကောင်းလုံက ၂၀၂၃ နိုဝင်ဘာလမှာ တိုက်ပွဲကြောင့် တရွာလုံးနေအိမ်တွေလည်း အားလုံးပျက်စီးသွားပြီ။ တချို့က ဘာဆိုဘာမှ မရှိတော့ဘူး။ ဒီနေ့ထိ ရွာထဲမှာ မိုင်းရှင်းလင်းရေးတွေ မလုပ်သေးဘူး။ ရွာသားတွေက မပြန်ရဲလို့ မုံးကိုးမြို့ထဲမှာပဲ တိမ်းရှောင်နေရင်း အခြားနေရာ အသစ်တစ်ခုရှာဖို့ အိမ်တွေဆောက်နေတာ ဟုတ်တယ်။ အခု အဲ့ဒီအိမ်တွေလည်း မပြီးသေးဘူး လာမောင်းထုတ်တာပါ” ဟု အဆိုပါမုံးကိုးဒေသခံက ဆိုသည်။

ကောင်းလုံရွာက စစ်ရှောင်ပြည်သူများမှာ စစ်ဘေးရှောင်နေထိုင်သည့် ၃ နှစ်အတွင်း မည်သည့်အဖွဲ့အစည်းကမှ ကူညီထောက်ပံ့မှုများ မရရှိသလို နေရပ်ပြန်လို့ မရသေးတာကြောင့် ကိုယ့်အားကိုယ်ကိုး၍ မုံးကိုးမြို့တွင်းမှာပင် နေထိုင်လို့ရနိုင်သည့် နေရာရှာ၍ နေအိမ်ဆောက်လုပ်နေဆဲအတွင်း ယခုလို မောင်းထုတ်ခံနေရခြင်း ဖြစ်သည်။

လက်ရှိတွင် ကိုးကန့် MNDAA တပ်ဖွဲ့ကို စစ်ရှောင်များအနေဖြင့် ပြောင်းရွှေ့ထွက်သွားနိုင်ရန် အချိန် ၃ ရက်ပေး တောင်းဆိုထားတယ်လို့ ကြားသိရသည်။

ကောင်းလုံရွာသည် မုံးကိုးနှင့် မောင်းဆိုင်ကြားတွင်ရှိပြီး မုံးကိုးမြို့ကနေ ၃ မိုင်လောက် အကွာတွင်ရှိသည့် ကချင်ရွာတစ်ရွာ ဖြစ်သည်။

မုံးကိုးမြို့ထဲတွင် အခြားကျေးရွာ ၂ ရွာမှ တိမ်းရှောင်လာကြသည့် စစ်ရှောင်များလည်း ရှိနေပြီး ထိုစစ်ရှောင်များသည် လက်ရှိအချိန်၌ ၎င်းတို့နေရပ် ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးတာကြောင့် မုံကိုးမြို့တွင်ပင် ဆက်လက်ခိုလှုံနေကြရသေးကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ထိုစစ်ရှောင်များကို မောင်းထုတ်တာမျိုးမရှိဘဲ ကောင်းလုံစစ်ရှောင်များကိုသာ လာရောက်မောင်းထုတ်ခြင်းမှာ ကောင်းလုံစစ်ရှောင်များ နေထိုင်ကြသည့်နေရာမှာပင် ကိုးကန့်တပ်များ ပြန်နေထိုင်ရန်အတွက် မောင်းထုတ်တာဖြစ်တယ်လို့ မုံးကိုးဒေသခံတွေက ပြောသည်။

မုံးကိုးမြို့နှင့် ဖောင်းဆိုင်ဒေသကို ပြီးခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း နိုဝင်ဘာလက ကိုးကန့် MNDAA တပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အုပ်ချူပ်ရေးလုပ်ငန်းများ စတင်ပြီဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here