မုန်တိုင်းသင့်ပြည်သူ ၇၀ ရာခိုင်နှုန်း အရေးပေါ် အကူအညီများ မရသေးကြောင်း AA ပြော

0
396
ပုံစာ - မုန်ခါမုန်တိုင်းဒဏ်ကြောင့် အပျက်အစီးများကို တွေ့မြင်ရစဉ်။

ရခိုင်တွင် မုန်တိုင်းဒဏ်သင့် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ နိုင်ငံတကာအဖွဲ့များ၊ အရပ်ဖက်အဖွဲ့များနှင့် ပုဂ္ဂလိက အလှူရှင်များထံမှ အကူအညီများ ရရှိထားသော်လည်း ကျန် ၇၀ ရာခိုင်နှုန်းသည် အရေးပေါ် အကူအညီများ လိုအပ်နေသေးကြောင်း AA က ပြောဆိုလိုက်သည်။

မုန်တိုင်းအလွန် ULA/AA က ဖွဲ့စည်းလိုက်သည့် ဒေါက်တာညိုထွန်းအောင် ဦးဆောင်သော MOCHA ဆိုက်ကလုန်း မုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ (Cyclone Mocha ERRCA) ၏ ဇွန်လ ၁၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းကော်မတီက မုန်တိုင်းသင့်ပြည်သူများအတွက် နောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်မီလုပ်ဆောင်ရန်၊ ဒေသခံများ အမိုးအကာအောက်သို့ အမြန်ဆုံးရောက်ရှိနိုင်ရန်၊ လတ်တလော စားဝတ်နေရေး၊ ကျန်းမာရေးနှင့် အထွေထွေလူမှုကူညီရေးပေးနေသည့် အဖွဲ့ဖြစ်သည်။

ကော်မတီ၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်မြောက်ပိုင်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့် မြို့နယ်တို့တွင် မုန်တိုင်းကြောင့် အိမ်ခြေ စုစုပေါင်း ၂၈၈, ၅၃၀ ဆောင် ပျက်စီးသွားပြီး ဒေသခံပြည်သူ ၁,၅၄၇,၇၆၁ ထိခိုက်နစ်နာခဲ့ကြောင်း သိရသည်။

မုန်တိုင်းတိုက်ခတ်ပြီး ၁ လနီပါးကြာ ဇွန်လ ၁၂ ရက် အထိ အရေးပေါ် စားနပ်ရိက္ခာထောက်ပံ့မှု ရရှိထားသည့် အိမ်ထောင်စု ၂၁,၁၆၄ စုနှင့် အမိုးအကာ ရရှိထားသည့် အိမ်ထောင်စု ၅၁,၉၄၂ စုရှိပြီး စားနပ်ရိက္ခာ ထပ်မံ လိုအပ်နေသည့် အိမ်ထောင်စု ၁၉၉,၆၀၉ နှင့် အမိုးအကာ လိုအပ်နေသည့် အိမ်ထောင်စု ၁၆၉,၂၀၆ ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာခံ ကိုမောင်လှသိန်းက “ကျနော်တို့ ရွာမှာဆိုရင် အိမ်တွေအကုန်လုံး ပျက်စီး သွားတယ်။ စစ်ကောင်စီဘက်ကတော့ တစ်ရွာလုံးအတွက် ဆန် ၃၅ အိတ် ထောက်ပံ့တာ ရှိတယ်။ AA ဘက်ကတော့ ပျက်စီးသွားတဲ့ နေအိမ်တွေကို ဝိုင်းကူဆောက်ပေးတာ ရှိပါတယ်။ ဒါပေမယ့်လည်း တာပေါ်လိပ်စ အလှူရှင်တွေ မရောက်သေးတဲ့အတွက် ပြန်မဆောက်နိုင်သေးတဲ့ နေအိမ်တွေလည်း အများကြီး ရှိသေးတယ်” ဟု ပြောသည်။

ရခိုင်မုန်တိုင်းသင့် ပြည်သူများအတွက် NUG၊ UWSA၊ KIA အပါဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အလှူငွေကျပ်သိန်း ၂ သောင်းကျော်နှင့် နိုင်ငံတကာရောက် ရခိုင်များနှင့် အခြားသော လူသားချင်း စာနာမှု အဖွဲ့များက လှူဒါန်းငွေများကိုလည်း AA က လက်ခံရရှိထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအလှူငွေများအား စနစ်တကျ စီမံခန့်ခွဲပြီး မုန်တိုင်းဒဏ်ခံရသော ဒေသများရှိ ပြည်သူများကို အရေးပေါ်ဆန် အပါအဝင် စားနပ်ရိက္ခာများကို ဆက်တိုက် လှူဒါန်းနေသော်လည်း အရေးပေါ်အကူအညီများ ဆက်လက် လိုအပ်လျှက်ရှိကြောင်း Cyclone Mocha ERRCA ကော်မတီက ထုတ်ပြန်သည်။

မုန်တိုင်းသင့် ရခိုင်ပြည်သူများ ပြန်လည်တည်ဆောက်ရေးအတွက် အခက်အခဲများစွာ ရှိနေပြီး လတ်တလောတွင် အမိုးအကာ၊ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိနေဆဲ ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်ကောင်စီစာရင်းအရ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်တွင် လေဘေး၊ ရေဘေးသင့် ပြည်သူ ၁၁၅၆,၇၉၆ (ဆယ့်တစ်သိန်း ငါးသောင်း ခြောက်ထောင် ခုနစ်ရာ ကိုးဆယ့်ခြောက်) ဦးရှိပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၄၆,၉၈၆ ရှိ၍ သေဆုံးလူ ၁၄၈ ဦးအထိရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here