မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာရှိ ပလက်ဝစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာများ ပြတ်လပ်နေပြီး အရေးပေါ် ဆန်အကူအညီလိုအပ်နေကြောင်း စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
တွီဒန်းကျေးရွာရှိ ပလက်ဝစစ်ဘေးရှောင်များကို ဒေသခံများက ဈေးရောင်းခွင့်ပိတ်ပင်ထားသည့်အပြင် နွေရာသီအတွင်း အလုပ်ရှားပါးသည့်အတွက် ငွေကြေးအခက်အခဲကြောင့် ရိက္ခာပြတ်လပ်နေသူများလည်းရှိနေပြီဟု ပလက်ဝစစ်ဘေးရှောင်များအရေး ဆောင်ရွက်နေသူ ဆလိုင်းမောဆက်က ပြောသည်။
“အခုတော့ ကုန်ထမ်းဖို့လဲမရှိ၊ အငှားလိုက်ဖို့လဲမရှိဆိုတော့ ပိုက်ဆံရှားတဲ့သဘောပေါ့နော်။ နောက်ဒီမှာ ဆိုင်ရောင်းခွင့်လဲ မရှိတော့ ဒီတိုင်းနေတယ်ဆိုလို့ရှိရင် နောက်လကြရင်တော့ ကျွန်တော်တို့အိမ်မီးခိုထွက်မှာ မဟုတ်ဘူးထင်တယ်။ ထမင်းချက်ဖို့ ရှိမှာမဟုတ်ဘူးထင်တယ်။ အခုကျွန်တော်တို့ ဦးဆောင်တဲ့သူတွေ အကူညီ ဟိုရှာဒီရှာနဲ့ ကိုယ့်ကိုကိုယ်တောင် သူတောင်းစားလိုလို ခံယူနေတာမလွယ်ဘူး” ဟု ဆလိုင်းမောဆက်က ပြောသည်။
ပလက်ဝစစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများအနေဖြင့် အရေးပေါ်စားနပ်ရိက္ခာကူညီပေးနိုင်ရန် CHRO အပါအဝင် ၎င်းတို့လက်လှမ်းမီသမျှသော ချင်းအဖွဲ့အစည်းများထံ အကူအညီတောင်းခံထားကြောင်းသိရပြီး လက်ရှိတွင် မည်သည့်အကူအညီမျှ မရရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။
လာမည့်မိုးရာသီကာလတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ကုန်တင်ကုန်ချလုပ်ငန်းများ ပြန်လည်ရှိလာနိုင်ပြီး၊ တနိုင်တပိုင် စိုက်ပျိုးထားသော ကောက်ပဲသီးနှံများ ရိတ်သိမ်းနိုင်မည်ဖြစ်သောကြောင့် ယခု ဧပြီ၊ မေနှင့် ဇွန်လအတွင်း အရေးပေါ်စားနပ်ရိက္ခာ အကူအညီရရန် လိုအပ်နေခြင်းဖြစ်သည်ဟု သိရသည်။
“အခု အကူအညီတွေရခဲ့မယ်ဆိုရင် နံပါတ်တစ်ကတော့ ဆန်ပဲ။ အဲဒီဆန်တောင်မှ ဒီ ၃ လအတွင်းပေါ့။ ဇူလိုင် နောက်ပိုင်းကြရင်တော့ ကုန်ထမ်းကုန်ချတွေ ပြန်ရှိလာမယ်။ နောက် ဩဂုတ်လလောက်ကြရင်တော့ နဲနဲပါးပါး တောင်ယာလုပ်ထားတဲ့ဟာတွေ ရလာတော့မှာဆိုတော့ နည်းနည်းသက်သာမယ်။ အခုဒီ ဧပြီ၊ မေ၊ ဇွန်လအတွင်းကတော့ ကြပ်တည်းဖြစ်ဖို့ ပိုများတာပေါ့နော်” ဟု ဆလိုင်းမောဆက်က ပြောဆိုသည်။
လောင်တလိုင်ခရိုင်၊ တွီဒန်းရွာတွင် ပလက်ဝစစ်ဘေးရှောင် အိမ်ခြေ ၂၇၀ ကျော် ရှိပြီး လူဦးရေအားဖြင့် ၁၀၀၀ ကျော်ရှိသည့်အနက် စားနပ်ရိက္ခာအရေးပေါ် အကူအညီလိုအပ်သည့် အိမ်ခြေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။
အထူးသဖြင့် စစ်ဘေးရှောင်ကျောင်းက လုပ်အားပေး ဆရာ၊ ဆရာမများ၊ နိုင်ငံခြားမှ ပံ့ပိုးကူညီမည့်သူမရှိသောသူများသည် အရေးပေါ်ကူညီရန် လိုအပ်နေသည်ဟု သိရသည်။
လက်ရှိလောင်တလိုင်မြို့တွင် ရူပီး ၁၂၅၀ ဖြင့် ဝယ်ယူရသော ၂၅ ကီလိုဂရမ်ရှိ အလတ်စားဆန်တစ်အိတ်ကို တွီးဒန်းရွာတွင် ရူပီ ၁၅၀၀ (မြန်မာကျပ်ငွေ ၇၅,၀၀၀ ဝန်းကျင်) ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။
တွီဒန်းရွာရှိ ပလက်ဝစစ်ဘေးရှောင်များသည် ကုန်တင်ကုန်ချလုပ်ငန်း၊ နေ့စားအလုပ်၊ ဈေးရောင်းခြင်းနှင့် ဒေသခံများမှ ခွင့်ပြုသောနေရာတွင် တောင်ယာစိုက်ပျိုးခြင်းများကို စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြသည်။
ယခုနှစ်ဆန်းပိုင်းကစ၍ တွီဒန်းပလက်ဝစစ်ရှောင်များကို ရွာတာဝန်ရှိသူများမှ ရွာနှင့်အလှမ်းဝေးသော တနေရာတွင် နေရာချပေးကာ ယင်းနေရာ၌ တဲအိမ်များ ပြန်ဆောက်၍ နေထိုင်ကြရသည်ဟု သိရသည်။
ထို့ကြောင့်လည်း စစ်ဘေးရှောင်များအနေဖြင့် နေရာထိုင်ခင်းအတွက် ပြန်လည်ကုန်ကျခဲ့ရကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီလတွင် တွီဒန်းရွာတာဝန်ရှိသူများနှင့် ဒေသခံများက စစ်ဘေးရှောင်များအား ဈေးဆိုင်ရောင်းချခွင့် ပိတ်ပင်ထားခဲ့သည်။
တွီဒန်းရွာသည် လောင်တလိုင်မြို့နှင့် မိုင်တစ်ရာကျော်ကွာဝေးပြီး လိုင်းကားဖြင့်သွားပါက ၃ နာရီကျော်ကြာ သွားရသည်ဟုသိရသည်။
KMG ပေးပို့သည်။