မိုးမိတ်တွင် TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲပြင်းထန်

0
325

သျှမ်းပြည်၊ မိုးမိတ်မြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

မိုးမိတ်မြို့နယ် မန်ဖွယ်(ဖိုင်ခမ်း) ရွာအနီး စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီး TNLA တပ် က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ကူ ပြန်လည်တိုက်ခိုက်ကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

“ဖိုင်ခမ်းရွာ အပေါ်ဘက်မှာ မနေ့က (ဇန်နဝါရီလ ၉ ရက်) မနက် ၉ နာရီလောက်ကနေ တိုက်ပွဲစဖြစ်တာ၊ နေ့လယ် ၂ နာရီလောက်ကျမှ သေနတ်သံတိတ်သွားတယ်။ နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီး၊ ရဟတ်ယာဉ် ၁ စီးနဲ့ ဗုံးကြဲတော့ ရွာထဲကျပြီး အိမ် ၂ လုံး ပျက်စီးသွားတယ်” ဟု မိုးမိတ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် မန်ဖွယ် (ဖိုင်ခမ်း) ရွာ တောင်ဘက်ရှိ ပါရမီ ဆုတောင်းပြည့် မိုင်းဖုန်းစေတီကို ဗုံးစထိမှန်ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မိုးမိတ်ဒေသခံများထံမှ သိရသည်။

“မိုင်းဖုန်းစေတီဘက်မှာ စစ်ကောင်စီတပ်က စခန်းလာချတာ ရက်တော်တော်ကြာပြီ၊ မနေ့က မဟာမိတ်တပ်တွေ ထိုးစစ်ဆင်တော့ အဲ့တပ်ကနေ စစ်ကောင်စီတပ်သားတွေ တပ်ပြန်ဆုတ်သွားတယ်။ အဲ့လိုမဆုတ်ခင်မှာ လေယာဉ်နဲ့လည်း လာပစ်သေးတယ်။ အခုတော့ အဲ့စေတီမှာ မဟာမိတ်တွေ နေရာယူထားတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

ထို့အပြင် ဇန်နဝါရီလ ၅ ရက်နေ့က TNLA တပ်ဖွဲ့ သိမ်းပိုက်ထားသည့် စင့်ကင်တပ်စခန်းဘက်ကိုလည်း လေကြောင်းဖြင့် ဗုံး ၂ လုံး လာရောက်ကြဲချခဲ့ကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

ဇန်နဝါရီလဆန်းပိုင်းမှ စ၍ မိုးမိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ မန်ပတ် တပ်စခန်း၊ စင့်ကင်တပ်စခန်းနှင့် နမ့်ခွယ် တပ်စခန်း ၃ ခုကို TNLA တပ်ဖွဲ့၊ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သည်။

မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်များက လက်နက်ကြီး၊ လေကြောင်းဖြင့်ပါ ညီနောင်မဟာမိတ်တပ်များကို ပြန်လည် တိုက်ခိုက်ခဲ့ခြင်းကြောင့် မိုးမိတ်မြို့ဒေသခံများမှာ လုံခြုံရေးစိုးရိမ်ထိတ်လန့်ပြီး မန္တလေး၊ ပြင်ဦးလွင်မြို့များသို့ တိမ်းရှောင်ထွက်ပြေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here