2 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းမိုးဗြဲမြို့ လမ်းမကြီးကို ဖြတ်သန်းခြင်း မပြုလုပ်ကြရန် ရှမ်းတောင် (ကရင်နီ) တပ်ပေါင်းစု ထုတ်ပြန်

မိုးဗြဲမြို့ လမ်းမကြီးကို ဖြတ်သန်းခြင်း မပြုလုပ်ကြရန် ရှမ်းတောင် (ကရင်နီ) တပ်ပေါင်းစု ထုတ်ပြန်

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေတာကြောင့် မိုးဗြဲမြို့လမ်းမကြီးကို အရပ်သားပြည်သူများ (လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြပါဖို့ ရှမ်းတောင် (ကရင်နီ) တပ်ပေါင်းစုက ဇွန်လ ၃၀ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၃၀) ရက်နေ့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာရှိသလို လက်ရှိမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသေးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“မနေ့က တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာရှိတယ်။ အခုလည်းပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်” လို့ ပြောပါတယ်။

မိုးဗြဲလမ်းမကြီးကို ပြည်သူလူထုတွေ အသွားအလာ လုံးဝ မပြုကြပါရန်နှင့် မိုးဗြဲ မြို့အနီးနားမှာရှိနေတဲ့ ဒေသခံ ပြည်သူလူထုတွေအနေနဲ့လည်း စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် အထူးဂရုစိုက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ရှမ်းတောင် – ကရင်နီ တပ်ပေါင်းစုဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ DMO Local PDF၊ ရှမ်းတောင်ဗျူဟာ (၁)၊ မိုးဗြဲ Local PDF နှင့် ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) တို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၉) ရက်နေ့က မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် (၆၀) အရွယ် မိုးဗြဲဒေသခံ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။

ကန္တာရဝတီတိုင်း (မ်)