30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းမိုးညှင်းမြို့တွင် နှစ်ရက်အတွင်း လူငယ် ၅၀ ဦးဝန်းကျင် ဖမ်းဆီးခံရ

မိုးညှင်းမြို့တွင် နှစ်ရက်အတွင်း လူငယ် ၅၀ ဦးဝန်းကျင် ဖမ်းဆီးခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့ တက္ကသိုလ်ကျောင်းအနီး၌ နှစ်ရက်အတွင်း လူငယ် ၅၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်ဟု မိုးညှင်းဒေသခံများက ပြောဆိုသည်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်နှင့် စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့တို့က ဧပြီ ၂ ရက်နေ့နှင့် ဧပြီ ၃ ရက် နေ့ ည ၇ နာရီဝန်းကျင်တွင် မိုးညှင်းမြို့တက္ကသိုလ်ကျောင်းလမ်းပေါ်တွင် ၂ ရက်ဆက်တိုက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိုးညှင်းမြို့ဒေသခံအမျိုးသာတစ်ဦးက ပြောသည်။

“ဘောစိလက်ဖက်ရည်ဆိုင်အနီးက ကွမ်းယာဆိုင်ပိုင်ရှင်ကောင်လေးလဲ ပါသွားတယ်။ တက္ကသိုလ်ကျောင်းလမ်းတဝိုက်မှာ ၂ ရက်ရှိပြီ ဆွဲနေတာ။ ဘိလိယက်ခုံကဆိုရင် ဆိုင်ရှင်ရော အထဲမှာရှိနေတဲ့လူတွေပါ ဆွဲခေါ်တယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

မိုးညှင်းမြို့တက္ကသိုလ်ကျောင်းလမ်းပေါ်ရှိ ကွမ်းယာဆိုင်ပိုင်ဆိုင်ရှင်အမျိူးသားအပါအဝင် တက္ကသိုလ်ကျောင်းအနီး ရွာသစ်ကုန်းရွာ၊ ဖူဆယ်ကွင်းတွင် ဘောလုံးကစားနေသည့်လူငယ်များ၊ နောင်စွန်းရပ်ကွက်၊ အရှေ့စုရပ်ကွက်က လူငယ်အများအပြား ဖမ်းဆီးခံရသည်ဟု အဆိုပါမိုးညှင်းမြို့ခံအမျိုသား ဆက်ပြောသည်။

စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်တို့က မိုးညှင်းမြို့တွင်း၊ မြို့ပြင် နေရာတချို့၌ ရှောင်တခင်ဝင်ဖမ်းဆီးခြင်း ရှိပေမယ့် ယခုအကြိမ်ဖမ်းဆီးခံရမှုသည် ၂ ရက်အတွင်း လူ ၅၀ ဦးဝန်းကျင် ရှိသည်ဟု မိုးညှင်းမြို့ခံတို့က ပြောဆိုလျက် ရှိနေသည်။

SNA တပ်နှင့် နီးစပ်သူတို့ ပြောပြချက်အရ ယခုရက်ပိုင်းဖမ်းဆီးရမိသူများကို စစ်သင်တန်းပို့ရန် ပြင်ဆင်နေကြောင်း သိရသည်။

မိုးညှင်းမြို့ထဲ၌ ယခုလိုလူငယ်များကို SNA ပူးပေါင်းတပ်က မကြာခဏ လိုက်လံဖမ်းဆီးနေတာကြောင့် လူငယ်များ သွားလာရေးပိုခက်ခဲလာသလို တဖက်တွင်လည်း ဒေသခံပြည်သူများကြား ကြောက်လန့်နေ ကြသည်ဟု မိုးညှင်းခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ရှမ်းနီလူသစ်စုဆောင်းလို့ မိုးညှင်းမြို့ခံတွေ ကြောက်လန့်နေရတယ်။ ပြီးတော့ လူငယ်တွေဆိုလည်း ဘယ်မှသွားမရ ကြောက်နေရတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အိမ်ထောင်သည် လူလတ်ပိုင်းများလည်းပါဝင်ပြီး အသက် ၃၀ ဝန်းကျင်လူငယ် အများဆုံးဖြစ်ကြောင်း မြို့ခံများ ပြောဆိုချက်အရသိရသည်။

မိုးညှင်းမြို့သည် မြစ်ကြီးနား- မန္တလေး ပြည်ထောင်စုလမ်းမပေါ်တွင်တည်ရှိပြီး ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး မိုးညှင်းမြို့နယ်၊ မိုးကောင်းမြိုနယ်၊ ဖားကန့်မြို့နယ်တို့ပါဝင်ပြီး ဒေသအတွင်း၌ SNA ပူးပေါင်းတပ်၊ KPDF တပ်တို့ အဓိက စစ်ရေးလှုပ်ရှားနေကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လက်ကိုင်နှစ်ဖက်တပ်ဘက်ကလည်း တပ်သားစုဆောင်းမှုကို ဒေသခံများအကြား မကြာခဏ ကြုံတွေ့နေကြရသည်ဟု ပြောဆိုကြသည်။

KNG ပေးပို့သည်။