မိုးကောင်းမြို့၊ ဇင်ယော်စက်သုံးဆီဆိုင်ပိုင်ရှင် အမျိုးသမီး ဖမ်းဆီးခံရပြီးနောက် အချုပ်ထဲမှာသေဆုံး

0
336
ပုံစာ - စစ်ကောင်စီကဖြိုချဖျက်ဆီးခဲ့သည့် မိုးကောင်းမြို့ ဇင်ယော်စက်သုံးဆီဆိုင်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ ဇင်ယော်စက်သုံးဆီဆိုင်ပိုင်ရှင်လင်မယားအား စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်အမျိုးသမီးဖြစ်သူမှာ အချုပ်ခန်းတွင် သေဆုံးသွားခဲ့တယ်လို့ မိုးကောင်းမြို့ခံတွေထံက သိရသည်။

စက်တင်ဘာ ၂ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်က ဇင်ယော်စက်သုံးဆီဆိုင်ကို PDF တွေကို ထောက်ပံ့တယ်ဆိုပြီး စက်သုံးဆီဆိုင်အား ဖြိုချခဲ့ပြီး ရက်ပိုင်းမှာပင် ဆိုင်ပိုင်ရှင်များဖြစ်သည့် ဒေါ်ခင်မာရွှေနှင့်အမျိုးသားဖြစ်သူ တို့ကို ဖမ်းဆီးသွားခံခြင်း ဖြစ်သည်ဟု မိုးကောင်းမြို့ခံများက ပြောသည်။

“ကျနော်တို့သိရသလောက် စစ်ကြောရေးမှာလက်လွန်သွားပြီး မိုးကောင်းအချုပ်ရောက်မှ သေဆုံးသွားတဲ့ သဘောရှိတယ်။ မနေ့ကမနက်အစောပိုင်းလောက်မှာပဲ ရဲတွေနဲ့ မီးရှို့သဂြိုဟ်လိုက်တယ်လို့ သိရတယ်” လို့ မိုးကောင်းမြို့ခံ အမျိုးသားတစ်ယောက်က ပြောပြသည်။

ဇင်ယော် စက်သုံးဆီဆိုင်ပိုင်ရှင် ဦးမိုးကျော်နှင့်ဒေါ်ခင်မာရွှေတို့ကို PDF တွေကို ထောက်ပံ့တယ်ဆိုသည့် စွပ်စွဲချက်ဖြင့် ၎င်းတို့ ပိုင်ဆိုင်သည့် မြစ်ကြီးနား– မိုးကောင်းမြို့ – ဖားကန့် လမ်းမပေါ်ရှိ ဇင်ယော်စက်သုံးဆီဆိုင် ၂ ဆိုင် အပါအဝင် ၎င်းတို့၏နေအိမ်ထဲကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်းမှာ ဝင်စီးပြီး ဆိုင်ဝန်ထမ်း အယောက် ၂၀ ကျော်ကိုပါ ဖမ်းဆီးသွားခဲ့တာလို့ မြို့ခံများက ပြောဆိုသည်။

ဆိုင်ဝန်ထမ်းများကို ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်က ဇင်ယော်စက်သုံးဆီဆိုင်ပိုင်ရှင် ဇနီးမောင်နှံကို လူကိုယ်တိုင် လာရောက်ဖြေရှင်းပေးဖို့ ပြောလာတာကြောင့် ဇနီးမောင်နှံနှစ်ဦးစလုံး မိုးကောင်းရဲစခန်းသို့ သွားရောက်စဉ် အဖမ်းခံလိုက်ရခြင်းဖြစ်တယ်လို့ မိုးကောင်းမြို့ခံများက ပြောသည်။

မိုးကောင်းမြို့ခံတစ်ဦးက “သူတို့က ဆိုင်ဖြိုချခံခဲ့ရတဲ့နေ့ကတော့ သူတို့ရှောင်လိုက်နိုင်တယ်။ ဒါပေမယ့် သူ့ရဲ့ဆိုင်က ကလေးတွေကို ဖမ်းသွားတယ်ဆိုတော့ သူတို့လည်း လာပြန်ဖြေရှင်းတဲ့သဘောမျိုးနဲ့ လာတွေ့ပြီး လာအဖမ်းခံခဲ့တာ၊ အဲ့ဒါနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပါသွားတာ သိပ်မကြာဘူး စစ်ကြောရေးကနေ ပြန်လွတ်လာတာ၊ အဲ့တာ လွတ်လာပြီးမှပဲ အခုလိုဖြစ်သွားတာ” လို့ ပြောသည်။

မိုးကောင်းမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က မိုးကောင်း၊ အထက ၁ ကျောင်းကို ကျောင်းလာကြိုသည့် စစ်ကား ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကြပ်ထားပြီး မသင်္ကာသည့် အရပ်သားပြည်သူများကို ဆက်တိုက်ဖမ်းဆီးခဲ့ရာတွင် ဖမ်းဆီးခံထားရသူဦးရေ ၁၀၀ ကျော် ရှိနိုင်တယ်လို့ မို့ကောင်းဒေသခံတွေက ခန့်မှန်းပြောဆိုသည်။

ယင်းသို့ ဖမ်းဆီးခံရသူတွေထဲက နတ်ကြီးကုန်း၊ ပျော်လင့်ရွာနေ ဦးဝဘော်တန်ဂွန်းဆိုသူလည်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာပင် ဩဂုတ်လ ၂၇ ရက်နေ့က သေဆုံးခဲ့သည်ဟု မြို့ခံများထံက သိရသည်။

မိုးကောင်းမြို့တွင် ဩဂုတ်လ ၁၉ ရက်ကနေ စက်တင်ဘာလ ၂ ရက်နေ့ အထိ ဖမ်းဆီးခံခဲ့ရသည့် အရပ်သား ၁၀၀ ကျော် ရှိလာသည့်အပြင် စစ်ကောင်စီတပ်များက မြို့တွင်းမြို့ပြင် စစ်ဆေးရေးတင်းကြပ်နေတာကြောင့် ညပိုင်း၌ အပြင်ထွက်သူ မရှိသလောက် နည်းလာတယ်လို့ မိုးကောင်းဒေသခံတွေက ပြောဆိုသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here