မန္တလေးတိုင်း မိုးကုတ်မြို့တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများထဲ ရဲနှင့်စစ်သား သေဆုံးမှုများ ရှိခဲ့ပြီး လက်ရှိအချိန်ထိ စစ်သားများ ကျေးရွာထဲတွင် ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ဧပြီလ နောက်ဆုံးပတ်ထဲ မန္တလေးတိုင်း၊ မိုးကုတ်မြို့အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားများ သေဆုံးခဲ့ခြင်း ဖြစ်သည်။
မိုးကုတ်မြို့နေ ဒေသခံတစ်ဦးက “ဗမွန်ရွာမှာ စစ်သားတွေ ရောက်နေတာကြာလှပြီ။ လက်နက်ကြီးတွေနဲ့လည်း ချိန်ထားတယ်။ ဗမွန်ရွာက ရွာသားတွေကိုလည်း ရွှေ့ခိုင်းထားတာ။ တိုက်ပွဲဖြစ်သွားတာတော့ မသိလိုက်ဘူး” ဟု ပြောသည်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ဧပြီလ ၂၅ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့အထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ မိုးမိတ်ခရိုင် (K-PDF) တပ်ရင်း၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့သည်။
မိုးကုတ်မြို့၊ မြို့မရဲစခန်းကို ဧပြီလ ၂၅ ရက်နေ့၊ နံနက် ၄ နာရီအချိန်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပြီး၊ ဗမွန်ကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်သားများကိုလည်း ဧပြီ ၂၆ ရက်နေ့၊ ညနေတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု မိုးမိတ်ရိုင် KPDF တပ်ရင်း၏ မေလ ၃ ရက်နေ့ထုတ် ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
အလားတူ မိုးကုတ်မြို့၊ နန်းနွဲ့ပေါ်တော်မူ၊ ဘုရားအနီးရှိ မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံနှင့် မင်းတံတားရပ်ကွက် လျှပ်စစ်ရုံးတို့တွင် တပ်စွဲထားသည့် စစ်သားများကို ဧပြီလ ၂၉ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
မိုးကုတ်မြို့ လျှပ်စစ်ရုံးထဲတွင် ဗုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အနီးနားနေအိမ်မှ မှန်များလည်း ကွဲသွားသည်ဟု မင်းတံတားရပ်ကွက်တွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။
မိုးကုတ်မြို့တွင်းက စစ်ကောင်စီ တပ်သားများနှင့် တိုက်ပွဲသုံးကြိမ်ဖြစ်ပွားရာတွင် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်ဟု မိုးမိတ်ခရိုင် KPDF တပ်ရင်းက ထုတ်ပြန်ထားသည်။
မင်းတံတားရပ်ကွက်နေ အမျိုးသမီးတစ်ဦးက “ရဲစခန်းကို မနက်အစောကြီး လမ်းဆုံကနေ RPG နဲ့ ပစ်သွားတယ်လို့ ကြားတယ်။ မနက်အစောဆိုတော့ မိုးခြိမ်းတယ်ပဲထင်တာ။ နောက် ဆက်တိုက်ပေါက်ကွဲတာ သုံးခါ လောက်ကြားမှသိတာ။ မြို့တွင်းမှာ ပေါက်ကွဲသံ ပစ်ခတ်သံတော့ ကြားတယ်။ ဘယ်နားဖြစ်တယ်ဆိုတာကို မသိလိုက်တာ” ဟု ပြောသည်။
မိုးကုတ်မြို့တွင်းတိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီတပ်မှ သတင်းများကို ထိန်ချန်ထားသည့်အတွက် ဒေသခံများ မသိရှိရဘူးဟု ဆိုကြသည်။
မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ အင်တာနက်လိုင်းကိုလည်း ဖြတ်တောက်ထားသည်မှာ နှစ်နှစ်နီးပါးကြာပြီဖြစ်ပြီး သတင်းတင်သူများကိုလည်း ဖမ်းဆီးထားသည့်အတွက် မြို့တွင်းသတင်းများကို မသိရှိခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
NMG – ပေးပို့သည်။