မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

0
338
ပုံစာ- စစ်ကောင်စီတပ်မှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ။

ကရင်နီ (ကယား) ပြည် မယ်စဲ့မြို့နယ်အတွင်းရှိ ပန်တိန်းကျေးရွာအနီး BGF တပ်စခန်း အပြင်ဘက်က စစ်ကောင်စီ တပ်စွဲနေရာယူထားတဲ့ တပ်စခန်းတစ်ခုကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) ရဲ့ စစ်ရေးချုပ် နိုဝင်ဘာ ၇ ရက်နေ့မှာ အတည်ပြုပြောဆိုသည်။

ကရင်နီတပ်မတော်(KA) စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင်က “ BGF စခန်းပဲလေ BGF ထဲ ပါတာပဲလေ။ BGF လို့ ပြောတာပေါ့၊ ပန်တိန်းမှာရှိတဲ့ ၁၀၀၄ BGF စခန်းပေါ့နော၊ အဲ့ဒီစခန်းအပြင်တစ်ခု ကျနော်တို့သိမ်းတာ။ အထဲတော့ သူတို့မနေတော့ဘူး။ အပြင်မှာနေတာ သွားတိုက်တာ ဒီမနက်၊ ဒီမနက် ၄ နာရီသွားပြီးတော့ တိုက်တယ် ပစ္စည်းလည်း ရတယ်” လို့ ပြောသည်။

နိုဝင်ဘာ ၇ ရက်နေ့ မနက်စောပိုင်းက ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ တပ်စွဲထားတဲ့နေရာကို ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးတာအပြင် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်း ရမိထားတယ်လို့ ၎င်းက ဆိုသည်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၁၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ပူးပေါင်းတပ်ဖွဲ့ကလည်း ကရင်နီတပ်မတော် (KA) နဲ့ KNDF ဘက်က အကျအဆုံး ရှိခဲ့တယ်လို့ သိရသည်။

တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီတပ်ဘက်ကနေ လေယာဉ်နဲ့ နှစ်ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်၊

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ က စပြီး မယ်စဲ့မြို့နယ်အတွင်းနဲ့ ထိုင်း-ကရင်နီ နယ်စပ်တလျှောက်က စစ်ကောင်စီ တပ်စခန်းတွေဖြစ်တဲ့ တောင်လှ၊ မယ်တနွယ်၊ BP -13 ၊ BP – 14၊ နမ့်ပေါင် တပ်စခန်းနဲ့ မယ်စဲ့ရဲစခန်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားသည်။

ဒီကနေ့ (နိုဝင်ဘာ ၇ ရက်နေ့) တိုက်ပွဲမှာတော့ ကရင်နီတပ်မတော်(KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ တခြားသော တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည််။

LEAVE A REPLY

Please enter your comment!
Please enter your name here