မယ်စဲ့ ဗျူဟာကုန်စခန်း ခမရ ၄၃၀ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး အပါအဝင် တပ်ရင်းတခုလုံး လက်နက်ချ

0
384
ပုံစာ - မယ်စဲ့ စစ်ကောင်စီစခန်းများက သိမ်းဆည်းရမိသည့်လက်နက်များ (photo - ငွေမောင်းသံ)

ကရင်နီ (ကယား) ပြည်နယ်၊ ထိုင်း – ကရင်နီပြည် နယ်စပ်ရှိ စစ်ကောင်စီ၏ မယ်စဲ့ ဗျူဟာကုန်းစခန်း ခြေမြန်တပ်ရင်း (ခမရ) ၄၃၀ တပ်ရင်းမှ တပ်ရင်းမှူးနှင့် ဒု-တပ်ရင်းမှူးအပါအ၀င် တပ်ရင်းတခုလုံး ဇွန်လ ၂၄ ရက်က ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း တော်လှန်ရေးအဖွဲ့များထံက သိရသည်။

စစ်ကောင်စီတော်လှန်ရေး သတင်းအရင်းမြစ်တစ်ဦးက “ဟုတ်တယ်လို့ပဲ အတည်ပြုပေးလို့ ရပါဦးမယ်။ တချိန်တည်းတော့ မဟုတ်ဘူးပေါ့။ အားလုံးဆိုတော့ ရက်နည်းနည်းတော့ အချိန်ယူခဲ့ကြရတာပေါ့” ဟု ပြောသည်။

အဆိုပါ တပ်ရင်း၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇာနည်အောင်နှင့် ဒုတပ်ရင်းမှူ ဗိုလ်မှူးကျော်သူစိုးတို့က ဦးဆောင်ပြီး တပ်ရင်းတခုလုံး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

“အင်အားက တော်တော်များတယ်။ အခုလိုကြားရတာ ဝင်လာတာကို အရမ်းဝမ်းသာတယ်။ ဒါပေမယ့် စိတ်ထဲ အတွေးလွန်နေမိတာတော့ ရှိနေမိတယ်။ ဘာပဲဖြစ်ဖြစ် ဝမ်းသာတယ်” ဟု တော်လှန်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။

ပုံစာ – မယ်စဲ့ စစ်ကောင်စီစခန်းများက သိမ်းဆည်းရမိသည့်လက်နက်များ (photo – ငွေမောင်းသံ)

ထိုသတင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ ထုတ်ပြန် အသိ‌ပေးလာခြင်း မရှိသေး၍ သီးခြား အတည်မပြုနိုင်သေးသော်လည်း တော်လှန်ရေးသတင်းများ ရေးသားဖော်ပြနေသည့် ငွေမောင်းသံမီဒီယာတွင် တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူးအပါအဝင် အင်အား ၆၀ ခန့် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့သည်ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ဇွန်လ ၁၃ ရက် က စပြီး မယ်စဲ့‌ဒေသအတွင်းရှိ စစ်ကောင်စီ၏ မယ်စဲ့ရဲစခန်း၊ တော်လှစခန်း၊ မယ်တနွယ်စခန်း၊ နမ့်ပေါင်စခန်းတို့အား KA/ KNDF တော်လှန်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ထံက သိရှိရသည်။

မယ်စဲ့ဒေသအား ကရင်နီပြည်နယ် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်လိုက်နိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ကရင်နီပြည်နယ် တော်လှန်‌ရေးအင်အားစုအဖွဲ့များက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here