မြန်မာအစိုးရတို့၏ တိုင်းရင်းသားများအပေါ် မမျှတသောအုပ်ချုပ်မှုကြောင့် ယခုပဋိပက္ခများ ဖြစ်ပေါ်လာရကြောင်းနှင့် စစ်ကောင်စီမှ လစာမယူဟုလည်း နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော် – KNA အသွင်ပြောင်းထားသည့် BGF/KNA ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူက ပြောသည်။
ဗိုလ်မှူးချုပ်စောချစ်သူက “အခုအခင်းအကျင်းကို ပြောရမယ်ဆိုရင် ခင်ဗျားတို့၊ ကျနော်တို့တွေအားလုံး ဘာအပြစ်မှ မရှိဘူး။ ဗမာအချင်းချင်း အထက်က အကြီးအကဲအချင်းချင်း ဖြစ်ပေါ်နေတဲ့ ပြဿနာက ကျနော်တို့ တိုင်းရင်းသားတွေအားလုံးပါ ဒုက္ခရောက်တယ်” ဟု ပြောသည်။
ဆက်လက်ပြီး ဗိုလ်မှူးချုပ်စောချစ်သူက “ကျနော်တို့ တိုင်းရင်းသားတွေမှာ အပြစ်မရှိပါဘူး။ နိုင်ငံအုပ်ချုပ်တဲ့မင်း၊ ပုဂ္ဂိုလ်ကြီးတွေဟာ တိုင်းရင်းသားအားလုံးကို မျှမျှတတ ဝက်သားစားတဲ့သူကို ဝက်သားကျွေးပါ။ ဆိတ်သားစားတဲ့သူကို ဆိတ်သားကျွေးပါ။ သက်သက်လွတ်စားတဲ့သူကို သက်သက်လွတ်ကျွေးမယ်ဆိုရင် ဘယ်ရန်ငြိုးရန်စမှ ဖြစ်လာစရာအကြောင်းမရှိဘူး” ဟု ဆိုသည်။
“၁၄” ကြိမ်မြောက် ကျင်းပသည့် KNA ၏ ၃လတာ စစ်သင်တန်း ပြီးမြောက်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်နေ့က ကရင်ပြည်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာရှိ စစ်ရေးပြကွင်း၌ ကျင်းပရာ၌ စစ်ကောင်စီနှင့် ဆက်ဆံရေးရှိနေသေးသည့် ဗိုလ်မှူးချုပ်စောချစ်သူက အခမ်းအနား အမှာစကားပြောကြားရာ၌ ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မြန်မာပြည်တွင်းရှိနေသည့် တိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စုအောက်မှ ခွဲမထွက်ဘဲ ဆက်လက်ရှိနေပြီး မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရေး၊ မိမိတို့ပြည်နယ် ဖွံ့ဖြိုးရေး၊ မိမိတို့ လူမျိုးကို ကာကွယ်စောင့်ရှောက်နိုင်ရေး လိုအပ်သည့်အခွင့်အရေးအတွက် လက်နက်စွဲကိုင် တော်လှန်ရမည်ဖြစ်ကြောင်း စောချစ်သူက သင်တန်းဆင်းတပ်ဖွဲ့ဝင်များကို ဆက်ပြောဆိုသည်။
သင်တန်း ၃ လတာကာလအတွင်း အခြေခံစစ်သင်တန်းအပြင် လက်နက်ကြီးသင်တန်းကိုပါ ထည့်သွင်းပို့ချခဲ့ပြီး တပ်ဖွဲ့ဝင် စုစုပေါင်း ၁,၅၀၀ ကို သင်တန်းဆင်းပေးနိုင်ခဲ့သည့်အနက် အမျိုးသမီးတပ်ဖွဲ့ဝင် ၁၀၀ ခန့် ပါဝင်ကြောင်းလည်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲသို့ BGF/KNA မှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်စောချစ်သူအပြင်၊ ဗိုလ်မှူးစောတင်ဝင်း၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်အချို့တို့ တက်ရောက်ခဲ့ကြကြောင်းလည်း မှတ်တမ်းရုပ်သံများတွင် ဖော်ပြထားသည်။
KIC ပေးပို့သည်။