မတူပီတွင် စစ်ဘေးရှောင်ရင်း ၇ ရက်သား ကလေးငယ် ၁ ဦးနှင့် အသက် ၆၀ အရွယ် ၁ ဦး သေဆုံး

0
293
Photo - Mindat Township IDPs Camp Management Committee

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း ထိုးစစ်ဆင်မှုကြောင့် နေရပ်စွန့်ခွါ ထွက်ပြေးကြသည့် စစ်ဘေးရှောင်များမှ ၇ ရက်သားအရွယ် ကလေးငယ်နှင့် အသက် (၆၀) အရွယ် အမျိုးသမီးတို့ နာမကျန်းဖြစ်သေဆုံးခဲ့ကြောင်း သိရသည်။

မတူပီမြို့အခြေစိုက် ခလရ (၁၄၀) တပ်ရင်း စစ်ကောင်စီတပ်ဖွဲ့သည် မတူပီ-မင်းတပ် လမ်းမကြီး ဘက်သို့ ဇွန်လဆန်းပိုင်းကစ၍ စစ်ကြောင်းထိုးလာခြင်းကြောင့် မင်းတပ် – မတူပီလမ်းမကြီးပေါ်ရှိ မိုင်တိုင် (၉၀) ခြမ်းပြန်းရွာ၊ မိုင်တိုင် (၈၄) ရမ်တိန်းရွာနှင့် မိုင်တိုင် (၈၁) မွှန်တုန်းရွာတို့မှ ဒေသခံ ပြည်သူများသည် မင်းတပ်မြို့နယ်ဘက်သို့ စစ်ဘေးတိမ်းရှောင် လာခဲ့ကြသည်ဟု ဆိုသည်။

ယင်းသို့ စစ်ဘေးတိမ်းရှောင်စဉ်တွင် ဇွန်လ ၅ ရက် က အသက် ၆၀ ရွယ် အမျိုးသမီးတစ်ဦးနှင့် ဇွန်လ ၉ ရက် က (၇) ရက်သားအရွယ် ကလေးငယ်တစ်ဦးတို့ နာမကျန်းဖြစ် သေဆုံးခဲ့သည်ဟု Mindat Township IDPs Camp Management Committee က ထုတ်ပြန်သည်။

စစ်ဘေးရှောင် ပြည်သူများသည် အဝတ်အစားတချို့နှင့် အစားအသောက်အနည်းငယ်များသာ ယူဆောင် လာကြသည့်အတွက် အရေးပေါ်အစားအသောက်နှင့် ဆေးဝါးများလည်း လိုအပ်သည်ဟု သိရသည်။

Mindat Township IDPs Camp Management Committee က ဇွန်လ ၉ ရက်တွင် အဆိုပါ စစ်ဘေးရှောင်များထံ သွားရောက်ပြီး ဆန်အိတ် ၆၁ အိတ်နှင့် ဆီဘူး ၄၀ တို့ကို ပေးအပ်လှူဒါန်း ခဲ့သည်ဟု သိရသည်။

KMG – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here