မင်းဘူး – အမ်းလမ်းပိုင်း တပ်အပြောင်းအရွှေ့လုပ်နေသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

0
159
Photo - Chin Defence Force / Asho

မကွေးတိုင်း၊ ငဖဲမြို့နယ် မင်းဘူး – အမ်း ကားလမ်းပိုင်းတွင် တပ်အပြောင်းအရွှေ့လုပ်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို (CDF-ASHO) က သတင်းထုတ်ပြန်ထားသည်။

ဇူလိုင် ၉ ရက်နေ့က နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်စခန်းမှ အပြောင်းအရွှေ့လုပ်မည့် စစ်ကောင်စီတပ်သားများကို မှိန်းစိမ်းရွာအနီးတွင် ချင်းကာကွယ်ရေးတပ်-အရှိုနှင့် ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း (APDF) တို့က ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး ထွက်ပြေးသွားသူများလည်းရှိကြောင်းနှင့် စစ်ကောင်စီတပ်သားများထံမှ MA အမျိုးအစားသေနတ် ၁ လက်၊ ဘီအေ ၆၃ (G-3) အမျိုးအစား သေနတ်တစ်လက်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယင်းသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများသည် ပဒါန်းမြို့အနီး အမြောက်တပ် အ.မ.တ ၃၇၅ ရှိ ဆုံကုန်းရွာနှင့် စာတတ်ကူရွာတို့တွင် စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်ခဲ့ကြသည်ဟု ရွာခံများက ပြောသညိ။

“ကျွန်တော်တို့ တပ်အနေနဲ့တော့ စခန်းကြီးတွေကို မသိမ်းနိုင်သေးပေမယ့် အခုလိုမျိုး အမ်း – မင်းဘူး ကားလမ်း တကြော ရိုးမတောထဲက စခန်းအသေးလေးတွေကိုတော့ မိုးရာသီမှာလည်း စစ်ဆင်ရေးလုပ်သွားနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

ယခုကာလသည် မိုးရာသီ ဖြစ်သည့်အတွက် ရိက္ခာနှင့်ဆေးဝါး သယ်ယူမှုတွင် ခက်ခဲမှုများရှိသည့်အတွက် ပြည်သူများအနေဖြင့် စစ်ဆင်ရေးအောင်မြင်စေရန် လုပ်ဆောင်နိုင်ရေး ပါဝင်ကူညီကြရန်လည်း ဆလိုင်းရိုးချင်းက တိုက်တွန်းထားသည်။

မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည့် အမ်း – ပဒါန်း လမ်းမပေါ်ရှိ တောတွင်းစခန်းများတွင်လည်း စစ်ကောင်စီဘက်က အင်အားထပ်တိုးချထားကြောင်း CDF – Asho မှ တာဝန်ရှိသူ ပြောဆိုမှုအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here