မင်းပြား၊ ပန်းမြောင်းရွာအနီးတဝိုက်ကို စစ်ကောင်စီက စစ်လေယာဉ်များ၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်လို့ ဒေသခံများထွက်ပြေးနေရ

0
336
ပုံစာ - လက်နက်ပစ်ခတ်မှုများကြောင့် ထွက်ပြေးနေကြရသည့်ပန်းမြောင်းဒေသခံများ။

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာနှင့် အနီးတဝိုက်ကျေးရွာများကို ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခန့်က စစ်လေယာဉ်များ လာရောက်ပစ်ခတ်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်သဖြင့် ပန်းမြောင်းဒေသခံများ ထွက်ပြေးနေရသည်ဟု သတင်းရရှိသည်။

ပန်းမြောင်းကျေးရွာအနီးရှိ တောင်ဖြူတောင်နှင့် အောင်မင်္ဂလာတောင်တို့ရှိ စစ်ကောင်စီ၏ စစ်စခန်းများတွင် စစ်ရဟတ်ယာဉ်ဖြင့် စစ်သားများနှင့် ရိက္ခာများ လာချစဉ် အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ပန်းမြောင်းကနေ ပြေးလာတဲ့ ရွာသားတွေကို လှမ်းပစ်တယ်။ ပြေးလာတဲ့ လမ်းမှာလည်း သေနတ်တွေနဲ့လည်း ပစ်သေးတယ်။ သူတို့မှာ (စစ်ကောင်စီ) လူတွေလာချပြီးရင် ရွာဘက်တွေမှာ ပျံဝဲနေသေးတယ်။ ရဟတ်ယာဉ် တစ်စီး ပထမဆုံး လူချဖို့လာတုန်းက လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော စပါးစေ့ ကြဲသလိုချတယ်။ ပန်းမြောင်းနဲ့ ဂုဏ်ကျွန်းရွာကြားက ငါးရက်ဖြူချောင်းထဲကိုလည်း ပစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ထိုသို့ စစ်ရဟတ်ယာဉ်နှစ်စီး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူနေကျေးရွာများဖြစ်သည့် ပန်းမြောင်းကျေးရွာ ရွာဟောင်း၊ ရွာသစ်နှင့် အစရှိသည့် ကျေးရွာတို့ကို ရမ်းသမ်းပစ်ခတ်နေသဖြင့် ကျေးရွာဒေသခံ အများအပြားသည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

“ပြေးလာကြတဲ့လူတွေ အများကြီးပဲ။ အထိအခိုက်တော့ မရှိဘူး။ အထဲကို ရှောင်ခံကြလို့၊ လေယာဉ်ဝဲပျံလာတော့ ကြောက်ကြလို့ ပြေးကြတယ်လေ။ ရွာမှာလည်း စစ်စခန်းရှိတော့ ကြောက်ကြတယ်။ အထိုင်စခန်းတွေ ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ လေယာဉ်ကလည်း ချတယ်” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

ယင်းနေ့ (ဒီဇင်ဘာ ၁၁ ရက်) ညနေ လေးနာရီကျော်သည့် အချိန်ထိလည်း ပန်းမြောင်းအနီးတဝိုက်တွင် စစ်ရဟတ်ယာဉ်များ ဝဲပျံနေသေးကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဒီဇင်ဘာလ ၁၀ ရက်ကလည်း စစ်ကောင်စီတပ်စွဲထားသည့် ကျိန်းတောင်ဘုရားပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မင်းပြားမြို့ထဲရှိ ဆော့ကစားနေကြသည့် ကလေးများထံ ကျရောက်ပေါက်ကွဲရာ ကလေးတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here