မင်းတုန်းမြို့နယ်က နေအိမ် ၆၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

0
115
Photo - သရက်ခရိုင်အမှတ် (၄) တပ်ရင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ကျေးရွာရှိ နေအိမ် ၆၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်း ပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီတပ်များက ဒီဇင်ဘာ ၃ ရက်မှစတင်ကာ မင်းတုန်းမြို့နယ်ရှိ မြောက်ပြင်၊ ကြိုးဝ၊ ရွာသစ်ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီးနောက် ယင်းနေ့ညနေမှာပင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

“လက်ရှိအချိန်မှာ တစ်နိုင်ငံလုံး စစ်ရေးအရှိန်မြင့်တက်လာမှုနဲ့အတူ ကျွန်တော်တို့ဒေသမှာလည်း စစ်ရေးအရှိန် မြင့်တက်လာပြီ။ တဖက်က ရန်သူဘက်ကလည်း စစ်ကြောင်းထိုးဝင်ရောက်တာတွေ၊ ဖောက်ထွင်းခိုးယူတာတွေ၊ အခုလိုမျိုး မီးရှို့တာတွေ လုပ်ဆောင်လာပြီ” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကိုမြတ်က ပြောသည်။

ယခုကဲ့သို့ စစ်ရေးအရှိန်မြင့်လာသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် တိုင်းပြည်စစ်ရေးအခြေအနေနှင့် ဒေသတွင်းစစ်ရေး အခြေအနေများကို အဆက်မပြတ်လေ့လာကာ ဆောင်ရန်၊ ရှောင်ရန်များကို သုံးသပ်ပြီး တော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ကိုမြတ်က တိုက်တွန်းပြောဆိုသည်။

ယခုကဲ့သို့ ကျေးရွာများကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းကို သရက်ခရိုင်အမှတ် (၄) တပ်ရင်းမှ တပ်ခွဲ ၂ က ဝင်ရောက်တိုက်ခိုက်မှုသည် မိနစ်နှစ်ဆယ်ဝန်းကျင် ကြာမြင့်ခဲ့ကြောင်း သိရသည်။

အင်အား ၈၀ ပါသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှုကြောင့် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရကာ ကာကွယ်ရေးရဲဘော်တစ်ဦး ခြေထောက်ကျည်ထိမှန်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းက ဒဏ်ရာရလူနာများကို ထမ်းခေါ်ပြီး ရွာသစ်ကျေးရွာမှ ဆုတ်ခွာသွားကာ လမ်းတလျှောက်တွင် မြေမြှုပ်မိုင်းများထောင်သွားကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် မြောက်ပြင်၊ ကြိုးဝနှင့် ရွာသစ်ရွာမှ ဒေသခံ ၅၀၀ ကျော်သည် စစ်ရှောင်နေကြ ရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here